အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ကမ္ဘာ့ သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) မှ ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော ရွှေကလောင်ဆု (Golden Pen of Freedom) ပေးပွဲအခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော မိန့်ခွန်း

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် အယ်ဒီတာများ ခင်ဗျား . . .
အခုလို ဒီနေရာမှာ ပြောခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ဒီဆုချီးမြှင့်ခံရတယ်လို့ အကြောင်းကြားလာတဲ့ အချိန်မှာ တကယ့်ကို အံ့အားသင့်မိပါတယ်။ ကျွန်တော့်ရဲ့ Profession နဲ့ အလုပ်အတွက် အခုလို အသိအမှတ်ပြု ခံရမယ်လို့ တစ်ခါမှ မျှော်လင့်မထားမိပါဘူး။ရိုးရိုးသားသား ပြောရမယ်ဆိုရင် အရင်တုန်းက ဒီဆုအကြောင်းကို ကြားဖူးရုံပဲ ရှိခဲ့တာပါ။ ဘာအတွက် ချီးမြှင့်တယ်၊ ဘယ်သူတွေကို ချီးမြှင့်ခဲ့တယ်ဆိုတာ မသိပါဘူး။ လေ့လာကြည့်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီဆုဟာ တကယ်ကို လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်တယ်ဆိုတာကို သိလာရပါတယ်။

ယခင်က ဒီဆုရရှိခဲ့ဖူးတဲ့ စာရေးဆရာတွေနဲ့ သတင်းသမားတွေဟာ စွန့်လွှတ်အနစ်နာခံမှုများစွာ ပြုလုပ်ခဲ့ရရုံသာမက ခက်ခဲတဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရ သူတွေပါ။
ကျွန်တော့်အနေနဲ့ သတင်းစာပညာ (Journalism)၊ သတင်းလွတ်လပ်ခွင့် (Freedom of Press) နဲ့ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေအတွက် တော်တော်လေး နှစ်မြှုပ် လုပ်ကိုင်ခဲ့တယ် ဆိုပေမယ့်လည်း သူတို့လောက် စွန့်လွှတ်အနစ်နာခံမှုမျိုး လုပ်မိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပါတယ်။

အချိန်ယူ စဉ်းစားပြီးတဲ့ နောက်မှာတော့ ဒီဆုဟာ ကျွန်တော်တစ်ဦး တစ်ယောက်တည်းအတွက် ရည်ရွယ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပေးအပ်ခဲ့တာလို့ပဲ ခံယူမိပါတယ်။
ကျွန်တော်ဟာ မွေးကတည်းက အာဏာရှင်စနစ်အောက်မှာ နေထိုင်ခဲ့ရပြီး လွတ်လပ်မှုကို တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဆယ်စုနှစ်ငါးခုလောက် ဖြတ်သန်းပြီးတဲ့ အခါမှာတော့ လွတ်လပ်မှုဟာ ကျွန်တော့်ရှေ့ကို ရောက်ရှိလို့လာပါပြီ။

ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်မှုဟာ သိပ်မကြာသေးမီကမှ ရရှိလာတယ်ဆိုတာကို ကျွန်တော်ထောက်ပြလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြေရှင်းစရာ ပြဿနာတွေ အများကြီး ရှိနေပါသေးတယ်။ ပြည်သူ သန်းခြောက်ဆယ်ဟာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရဆဲ ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေနဲ့ တရားမမျှတမှုတွေကို နေရာတကာမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ အကျင့်ပျက်ခြစားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ လူထောင်ပေါင်းများစွာ နေထိုင်နေရဆဲ စတဲ့ပြဿနာတွေ အများကြီး ရှိနေပါသေးတယ်။

သတင်းသမား တစ်ဦးအနေနဲ့ အမှန်တွေကို ပြောဆိုဖို့ ကျွန်တော့်မှာ တာဝန်ဝတ္တရားတွေ ရှိပါတယ်။ ဒီဆုဟာလည်း ကျွန်တော့်အတွက် ဒီတာဝန်ဝတ္တရားတွေ အပြည့်အ၀ ရှိနေတယ်ဆိုတာကို ဖော်ညွှန်းတာပါပဲ။
ကျွန်တော့်အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုဆိုတာဟာ နိုင်ငံတကာက ထင်နေသလို ချောမွေ့ပြေပြစ်သေးတာ မဟုတ်ပါဘူး။ အပြောင်းအလဲကို လက်မခံနိုင်တဲ့ သူတွေက ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေကို တားဆီးဖို့ သူတို့တတ်နိုင်သမျှ လုပ်ဆောင်နေကြပါတယ်။ သူတို့ဟာ သွယ်ဝိုက်သောနည်းနဲ့ မီဒီယာကို ချုပ်ကိုင်လိုကြပါတယ်။ သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သတင်းသမားတွေကို တိုက်ခိုက်ဖို့နဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ကွန်ရက်တွေ ဖန်တီးလာကြပါတယ်။

ခင်ဗျားတို့လည်း သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ ဆိုတာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အမုန်းပွားမှု မဟုတ်ပါဘူး။ သူတို့တွေဟာ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေထိုင်နေခဲ့ကြတယ်။ ဒီလိုအမုန်းပွားမှုတွေ၊ ဘာသာရေး အဓိကရုဏ်း ဖန်တီးမှုတွေနဲ့ လူထောင်ပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေတဲ့ ဒီလိုပဋိပက္ခတွေ၊ လုပ်ဆောင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေရှိတယ်။
နှစ်ပေါင်း ၅၀ ကြာ အာဏာရှင် စနစ်အောက်မှာ နေထိုင်ခဲ့ရတဲ့အတွက် ဒီမိုကရေစီ ခရီးစဉ်ဟာ ဖြောင့်ဖြူးမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ဟာ ဖိစီးမှုတွေနဲ့ ကြောက်ရွံ့မှုတွေကြားမှာ နေထိုင်ကြရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချီးမြှင့်ခံရတဲ့ ရွှေကလောင်ဆုဟာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်တော်တစ်ဦးတည်း လျောက်လှမ်းနေတာ မဟုတ်ဘူး ဆိုတာကို ရည်ညွှန်းနေပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာလည်း ဒီလမ်းကြောင်းပေါ်မှာ အဖော်မပါဘဲ လျှောက်လှမ်းနေတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ဟာ ကျွန်တော်တို့နဲ့အတူ ရှိနေတယ်ဆိုတာကို ဒီဆုက သက်သေပြနေပါတယ်။ ဒီအတွက် ကျွန်တော်တို့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

EMG
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံ (65th World Newspaper Congress) တွင် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင် မိန့်ခွန်းပြောကြားနေစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...