ရန်ကုန်မြစ်ကိုဖြတ်၍
ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက
လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား
ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန်
ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ
ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင်
တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့်
လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍
ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။
''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။
သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။
ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။
EMG
ဗိုလ်တထောင်ဘုရားဘက်ကမ်းမှေ န၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှေ