ရုရှားနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌
ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်၍ ဆေးရွက်ကြီး ကြော်ငြာများကို တားမြစ်သော ဥပဒေသည် ဇွန် ၁ ရက်မှစ၍ အာဏာသက်ဝင်မည် ဖြစ်ကြောင်း ဇွန် ၂ ရက် သတင်းတွင် ဖော်ပြသည်။ လုပ်ငန်းခွင်များ၊ တိုက်ခန်းများ၏ လှေကားများ၌ လည်းကောင်း၊ ဘတ်(စ်)ကားများ၊ လူစီးရထားများပေါ်၌ လည်းကောင်း၊ မီးရထား ဘူတာရုံများနှင့် လေဆိပ်များ၏ ၁၅ မီတာ အဝန်းအဝိုင်းအတွင်း၌ လည်းကောင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်မည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ်သို့ ရောက်လျှင် စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊
သင်္ဘောများနှင့် မီးရထားများ၌လည်း ဆေးလိပ်သောက်ခြင်းကို
ထပ်မံ တားမြစ်မည်ဖြစ်သည်။ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင်
ဆေးလိပ်သောက်သူ ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်၍ ဆေးလိပ်သောက်သူများသည် စုစုပေါင်း လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းအထိ ရှိသည်။
စီးပွားရေး တိုးတက်ရန်၊ ပြည်သူ့ကျန်းမာရေး တိုးတက်ရန်၊ လူ့သက်တမ်း
တိုးလာစေရန် စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သမ္မတဗလာဒီမာပူတင်က ဆေးလိပ်သောက်ခြင်းကို တားမြစ်သော
ဥပဒေအား လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်က ဆေးလိပ်နှင့် ဆက်နွှယ်သည့် ရောဂါများကြောင့် ရုရှားနိုင်ငံသား ၄ဝဝဝဝဝ သေဆုံးခဲ့ရသည်ဟု ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က ပြောကြားသည်။
၎င်းဥပဒေသည် စီးကရက်များ ရောင်းချခြင်း၊ ကြော်ငြာခြင်းနှင့် ဆေးရွက်ကြီး ကုမ္ပဏီများက အထောက်အပံ့ ပေးခြင်းများကိုလည်း တားမြစ်မည်ဖြစ်သည်။
BBC Burmese