ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တွင် မြို့တွင်းသို့ သွားလာနိုင်ရန် ဆိုင်ကယ်များ စီးနင်းခွင့်ပေးထားသော်လည်း စီမံကိန်းကာလ ပြီးဆုံးပါက ဆိုင်ကယ်များ အသုံးပြုခွင့်ကို ရပ်ဆိုင်းနိုင်ဖွယ် ရှိသည်ဟု မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ သိရှိရသည်။
“ဒီမှာက ဆိုင်ကယ် ရှိမှ အဆင်ပြေတာ၊ ဥပမာ ညရေးညတာ အရေးရယ် အကြောင်းရယ်ဆို ဆိုင်ကယ်ရှိမှ အဆင်ပြေတာ။ နေ့ခင်းလည်း လိုင်းကား မရောက်တဲ့ နေရာတွေ အများကြီးပဲ၊ ဒါပေမဲ့ တစ်ချိန် မြို့ကြီး ပြကြီးလို ပုံစံ ဖြစ်လာမယ်ဆိုရင် ဆိုင်ကယ်တွေ စီးလို့ မရတော့မှာ စိုးရိမ်တယ်” ဟု သန်လျင်မြို့ အလွမ်းဆွတ်ရွာနေ ဦးမြလှိုင်က ပြောသည်။
သန်လျင်မြို့အတွင်း၌ လိုင်းကားများ ရှားပါးခြင်းကြောင့် Without ဆိုင်ကယ် များ နှင့် လိုင်စင်ရှိ ဆိုင်ကယ်များကို စီးနင်းလျက်ရှိ ကြောင်း
ဒေသခံများထံက သိရှိရသည်။
သန်လျင်မြို့ရှိ သီလ၀ါ ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး စက်မှုဇုန် တည်မည့် နေရာအကျယ်အ၀န်းမှာ ဧက (၇၀၀၀) သတ်မှတ်ထားပြီး ဧက (၆၀၀) ခန့်ဖြင့် ပထမစီမံကိန်းအနေဖြင့် စတင်တည်ဆောက်မည်ဖြစ်သည်။
“နေပြည်တော်မှာတောင် အရင်တုန်းက မြို့မတည်ခင်က ဆိုင်ကယ်တွေ ရှိတယ်၊ ဒါပေမဲ့ နောက်ပိုင်း မြို့ကြီးအခြေအနေ ဖြစ်သွားတဲ့ အခါကျတော့ သူ့ဟာသူ ဖြစ်သွားတာပဲ၊ ဒီမှာလည်း အချိန်တန်ရင်တော့ ဆိုင်ကယ် အားကိုးစရာ မလိုတော့တဲ့ အခြေအနေမျိုး ရောက်လာမယ်လို့ ထင်တယ်” ဟု သန်လျင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
သန်လျင်မြို့အတွင်း စီးနင်းနေသည့် ဆိုင်ကယ်များကို ရပ်နားနိုင်ဖွယ်ရှိသော် လည်း ညွှန်ကြားချက်တစ်စုံတစ်ခုမှ မရရှိသေးကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီမှာ အခုချိန်အထိတော့ ဒါတွေနဲ့ပတ်သက်လို့ ဘာမှ ညွှန်ကြားထားတာမျိုး မရှိသေးပါဘူး” ဟု သန်လျင်မြို့ရှိ စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့တွင် တရုတ်ဆိုင်ကယ်အများဆုံး မောင်းနှင်လျက်ရှိကာ အရောင်းသွက်လျက်ရှိပြီး ဈေးနှုန်းအားဖြင့် (သုံးသိန်း)ကျပ်ဝန်းကျင် အနိမ့်ဆုံး ပေါက်ဈေးရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာတော့ (110)ကားတွေ အများဆုံး ရောင်းရတယ်၊ 125 သိပ်မရောင်းရဘူး၊ Super Cub ကတော့ ရုံးသုံးအတွက် လာဝယ် တာတွေတော့ ရှိတယ်” ဟု သန်လျင်မြို့ရှိ ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
ဆိုင်ကယ်ကယ်ရီအများစုမှာ သန်လျင်မြို့နှင့် ရွာများသို့ ပြေးဆွဲလျက်ရှိပြီး မြို့တွင်း သွားလာခြင်းအတွက် ငှားရမ်းခ အနိမ့်ဆုံး ကျပ် (၅၀၀) ဈေးရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စည်ပင်နယ်နမိတ်အတွင်းရှိ နယ်မြေများတွင် ဆိုင်ကယ်စီးခွင့် ကန့်သတ်ထားပြီး အစိုးရ၀န်ထမ်းအချို့ကို သာ စီးနင်းခွင့် ပြုထားကြောင်း ထုတ်ပြန်ထားသည်။
မြတ်မိုးကျော်(မြစ်မခ) /မြန်မာခရိုနီကယ်See More