စစ်မှန်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ထောက်ခံကြောင်း KIO
ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ပွဲတွင် ကချင်လူထုက
ပြောကြားခဲ့ကြောင်း သိရပါသည်။
KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လူထု တွေ့ဆုံပွဲကို မေ
၂၉ ရက်က မြစ်ကြီးနားမြို့၊ မနောကွင်း၌ ပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲတွင်
စစ်မှန်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ထောက်ခံကြောင်း ကချင်လူထုက
ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ကချင်ဘာသာ စကားဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည့် ထိုဆွေးနွေးပွဲတွင်
KIO ၏ ငြိမ်းချမ်းရေး
လမ်းစဉ်နှင့် ဖက်ဒရယ် ကိစ္စများကိုသာ အဓိကထား
ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့်
ဒေါက်တာတူးဂျာက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့ပါသည်။
"ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ကချင်လူထုက ထောက်ခံတယ်။ ငြိမ်းချမ်းရေးကို
ဆက်လက်အကောင်အထည် ဖော်ဖို့လည်း တိုက်တွန်းတယ်ဆိုတဲ့ အချက်တွေကိုပဲ
ပြည်သူလူထုက အဓိက ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါး ပျံ့နှံ့နေတာကို
ထိန်းချုပ်ဖို့ တစ်ယောက်စ၊ နှစ်ယောက်စ ထပြောတာလည်း ရှိပါတယ်" ဟု
ဒေါက်တာတူးဂျားက ပြောကြားသည်။
ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် ကချင်တိုင်းရင်းသားများသာ မကဘဲ
ကချင်မဟုတ်သော တိုင်းရင်းသားများကိုပါ လက်တွဲခေါ်ယူရန် ကြိုးပမ်းရမည်ဟု KIA
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်လူထုအား ပြောကြားခဲ့ပါသည်။
"အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ
လုပ်လာတာတဲ့ ဖြစ်လာလိမ့်မယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောခဲ့ပါတယ်" ဟု
ဒေါက်တာတူးဂျာက ဆိုသည်။
"တွေ့ဆုံပွဲရဲ့ အနှစ်ချုပ်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကချင်လူထုရော
KIO ရော ထောက်ခံတယ်။ ငြိမ်းချမ်းရေး မြန်မြန်ရအောင် တိုက်တွန်းတယ်။
မူးယစ်ဆေးဝါး အကြောင်းနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးသူ တစ်ချို့လည်း
ရှိပါတယ်" ဟု ဒေါက်တာတူးဂျာက ပြောကြားခဲ့ပါသည်။
KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လူထု တွေ့ဆုံ ပွဲတွင်
မြို့မိမြို့ဖများအပြင် ကချင်လူငယ် အများအပြား တက်ရောက်ခဲ့ကြပါသည်။
မေ ၂၉ ရက် ညပိုင်းတွင်လည်း မနောကွင်းရှေ့ရှိ KIO ဆက်ဆံရေးရုံးသို့
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အသင်းသား ၄၀၀ ခန့် လာရောက်ပြီး
ဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။