အယ်လ်ကိုင်ဒါ
ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင် သေဆုံးခဲ့ရခြင်းသည် အမေရိကန် ရေတပ်၏
သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ၎င်းကိုယ်တိုင် ဗုံးဖောက်ခွဲ၍
သတ်သေခဲ့ခြင်း ဖြစ်သည်ဟု Gulf သတင်းဌာနက မေ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
အိုစမာ ဘင်လာဒင်၏ ရုပ်အလောင်းကို ပင်လယ်အတွင်း၌ မြှုပ်နှံခဲ့သည် ဆိုသော ပြောကြားချက်သည် လိမ်ညာမှုသာ ဖြစ်သည်ဟု ၎င်းသတင်းတွင် ဖော်ပြထားပြီး ဘင်လာဒင်သည် မိမိကိုယ်ကို ဗုံးခွဲ၍ အဆုံးစီရင် ခဲ့ခြင်းကြောင့် ၎င်း၏ ကိုယ်ခန္ဓာသည် တစ်စစီ ဖြစ်သွားခဲ့ရာ အမေရိကန် ရေတပ်အနေဖြင့် ဘင်လာဒင်ဟု သက်သေ ပြနိုင်သည့် အထောက်အထား သဲလွန်စ တစ်ခုမျှ မကျန်ရှိတော့ခြင်း ဖြစ်သည်ဟု အိုစမာ ဘင်လာဒင်၏ ကိုယ်ရံတော် တစ်ဦးဖြစ်သူ အဗ္ဗဒူဖာ တက်က Gulf သတင်းဌာနကို ပြောကြားခဲ့သည်။
ဘင်လာဒင် သေဆုံးခဲ့ချိန်တွင် မိမိသည် အဘော့တာ ဘတ်မြို့တွင် မရှိခဲ့သော်လည်း အဖြစ်အပျက် အားလုံးကို ၎င်း၏ ဆွေမျိုးတစ်ဦးထံမှ ကြားသိခဲ့ရကြောင်း၊ ဘင်လာဒင်သည်
၎င်းဘဝ၏ ကျန်ရှိသော ၁ဝ နှစ်တာ ကာလအတွင်း ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသော ခါးပတ်ကို အမြဲတစေ ဝတ်ဆင်ခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စုမှ ၎င်းအား လက်ရဖမ်းဆီးမည် ကို ရှောင်ရှားနိုင်ရန် အတွက် ၎င်းကိုယ်ကို ဖောက်ခွဲ၍ အဆုံး စီရင်ခဲ့ခြင်း ဖြစ်သည်ဟု ဖာတက်က ပြောကြားသည်။
ဖာတက်၏ ပြောကြားချက်များသည် အဘော့တာ ဘတ်မြို့ အတွင်းရှိ ဘင်လာဒင်၏ နေအိမ်ခြံဝင်း အတွင်းသို့ အမေရိကန် ရေတပ်မှ SEALS တပ်ဖွဲ့ က ၂ဝ၁၁ ခုနှစ်အတွင်းက စီးနင်း တိုက်ခိုက်စဉ် ဘင်လာဒင် သေဆုံးခဲ့ရပြီး ၎င်း၏ ရုပ်အလောင်းကို ပင်လယ်အတွင်းသို့ မြှုပ်နှံခဲ့သည် ဟူသော အမေရိကန် ရေတပ်၏ ပြောကြားချက်များနှင့် ဆန့်ကျင်နေသည်။
ဖာတက်၏ ပြောကြားချက်တွင် ဘင်လာဒင်နှင့် ၎င်း၏ ကိုယ်ရံတော် နှစ်ဦးတို့သည် အမေရိကန်တို့၏ ရဟတ်ယာဉ်များကို ပြန်လည် ပစ်ခတ်ခဲ့ရာမှ ကိုယ်ရံတော် နှစ်ဦး သေဆုံးပြီး နောက် ၎င်း၏ပေါင်တွင် သေနတ် ထိမှန် ခံရပြီးနောက်တွင် ဘင်လာဒင်သည် ၎င်း၏ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသည့် ခါးပတ်ကို အသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘင်လာဒင်၏ ဇနီးဖြစ်သူသည် ယခုဖြစ်ရပ်ကို ပြောပြသွားမည်ဟု မျှော်လင့်ကြောင်း ဖာတက်က ထပ်လောင်း ပြောကြားသည်။ ဖာတက်သည် အီဂျစ် သမ္မတ ဟော့စနီ မူဘာရက် ရာထူးမှ ပြုတ်ကျပြီးနောက် ၂ဝ၁၁ ခုနှစ် မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက် ခဲ့သူဖြစ်သည်။
မြ၀တီ