လုပ်ခလစာနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ၂၀၁၂ ခုနှစ် အတွင်းမှစ၍
စက်မှုဇုန်များအတွင်း လက်ရှိအချိန်ထိ ဖြစ်ပေါ်နေသောကြောင့် အစိုးရမှ အခြေခံ
လုပ်ခလစာအား သင့်တော်ဆုံးနှုန်းထားဖြင့် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း
လှိုင်သာယာ စက်မှုဇုန်ဥက္ကဌ ဦးမြတ်သင်းအောင်ထံမှ သတင်းရရှိသည်။
လက်ရှိတွင် အစိုးရမှ သတ်မှတ်ပေးထားသော ယာယီအခြေခံလစာသာ ရှိသေးပြီး
အတည်တကျဖြစ်သော ဥပဒေတစ်ရပ် ဖြစ်ပေါ်ရန်အတွက် လွှတ်တော်တွင် တင်ပြသွားမည်
ဖြစ်ကြောင်းလည်း
ဦးမြတ်သင်းအောင်က ဆိုသည်။
"အခု စက်မှုဇုန်တွေမှာ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ ပတ်သက်ပြီး
ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားနေတဲ့အတွက် နိုင်ငံတော် အစိုးရမှနေပြီး
သင့်တော်သော အခြေခံ လုပ်ခလစာကို ကြားဝင်သတ်မှတ်ပေးမယ်လို့ သိရတယ်။ ပြီးရင်
ဒါကို ဥပဒေတစ်ရပ် အနေနဲ့ အခိုင်အမာ ရှိနေအောင်လို့ လွှတ်တော်မှာ တင်ပြပြီး
အတည်ပြု ပြဌာန်းသွားမှာ ဖြစ်တယ်" ဟု ဦးမြတ်သင်းအောင်မှ
ဆက်လက်ပြောကြားခဲ့သည်။
လှိုင်သာယာ စက်မှုမြို့တော်တွင် နိုင်ငံခြားသား ရာနှုန်းပြည့်
ရင်းနှီးမြှုပ်နှံသူ ၁၇ ဦးနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူ ၇၁၂ ဦး
စုစုပေါင်း ၇၂၉ ဦး ရှိကြောင်းလည်း သိရှိရသည်။
လုပ်ငန်း အမျိုးအစားလိုက် စက်ရုံများ တည်ဆောက်လည်ပတ်မှု အနေဖြင့်
စားသောက်ကုန် လုပ်ငန်းများမှာ အများဆုံးဖြစ်ကြောင်း၊ လူသုံးကုန်နှင့်
အထည်ချုပ် လုပ်ငန်းများလည်း များပြားကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန်အတွင်း စားသောက်ကုန် လုပ်ငန်းစက်ရုံ ၉၇ ရုံ၊
လူသုံးကုန် ပစ္စည်းထုတ်လုပ်သည့် စက်ရုံ ၉၅ ရုံ၊ အထည်ချုပ်စက်ရုံ ၅၀ အပါအ၀င်
စုစုပေါင်း လည်ပတ်စက်ရုံပေါင်း ၅၅၂ ရုံရှိပြီး ၎င်းစက်ရုံများတွင်
လုပ်သားအင်အား အနေဖြင့် ၅၈၀၀၀ ကျော် လုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အခြေခံလစာ နည်းပါးမှုနှင့် ပတ်သက်ပြီး
စက်ရုံပေါင်း ၁၀၀ ကျော်မှ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း၊ ယင်းအတွက် အလုပ်သမား
ဝန်ကြီးဌာနမှ ယာယီအခြေခံလစာ အနေဖြင့် ကျပ် ၅၆၇၀၀ သတ်မှတ်ခဲ့ပြီး ၂၀၁၂
ခုနှစ် ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့သော စတုတ္တအကြိမ် ပုံမှန်လွှတ်တော်
အစည်းအဝေးတွင် အနိမ့်ဆုံး အခြေခံလစာနှင့် ပတ်သတ်ပြီး ဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်။
ယင်းအပြင် ယခုလ မကုန်မီ၌ အလုပ်သမား အဖွဲ့အစည်း ၆၀ ကျော်နှင့် အလုပ်သမား
၁၀၀၀ ကျော်တို့မှ အနိမ့်ဆုံး အခြေခံလစာ အမြန်ဆုံး ပြဌာန်းနိုင်ရေးအတွက်
သမ္မတနှင့် လွှတ်တော်သို့ လက်မှတ်ရေးထိုးကာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံ လစာနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်း ရွှေပြည်သာ စက်မှုဇုန်၊
တောင်ဒဂုံ စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်များရှိ
စက်ရုံ ၆၀ နီးပါးခန့် ဖြစ်ပွားခဲ့ပြီး ထက်ဝက်ခန့်မှာ ပြေလည်မှု မရရှိသဖြင့်
အလုပ်သမား ဗဟိုဖြေရှင်းရေးတွင် ညှိနှိုင်းလျက် ရှိနေကြောင်းလည်း သိရသည်။
Eleven Media Group.