မကွေးတိုင်း
ဒေသကြီး စေတုတ္တရာ မြို့လေးသို့သွားနေသော ခြောက်ဘီး ရှစ်တန်ကားကြီး
တစ်စီးပေါ်တွင် ကုန်သည် ဒေါ်ခင်ဝင်းတစ်ယောက် လိုက်ပါလာခဲ့သည်။
တောင်တန်းဒေသ နေသူတစ်ဦးဖြစ်သော်လည်း သူ့လက်ထဲတွင် CDMA MHz ဖုန်းတစ်လုံးကို ကိုင်ဆောင် လာခဲ့သည်။ သူက သူ့မိုဘိုင်းလ်ဖုန်းကလေးကို ကိုင်ရင်း ဂဏန်းတွေကိုနှိပ်လျက် ပြုံးနေသည်ကို မြင်နေရ ပါသည်။သတင်းကိစ္စနှင့် စေတုတ္တရာမြို့နယ်လေးသို့ ခဏ ရောက်ရှိနေသော ကျွန်တော်နှင့်
ခရီးသည်များ အပါအဝင် ထို ခြောက်ဘီး ရှစ်တန်ကားပေါ်တွင် ခိုင်ခံ့သော
ဘေးကာများကာရံ၍ ကားအပြည့် ဆန်အိတ်တွေ၊ မုန့်တွေ၊ ဂေါ်ဖီထုပ်၊
ခရမ်းချဉ်သီးသေတ္တာ၊ ကြက်ဥသေတ္တာတွေကို မိုးရေကာဖျင်အုပ်လျက်
တောင်တက်လမ်းအတိုင်း ကားကြီးက သွားနေ ပါသည်။
ကုန်တင် ကားကြီးပေါ်တွင် ကုန်သည်များနှင့် ကျွန်တော် လိုက်ပါရင်း ခရီးတစ်ထောက်ကို ကံပြားကျေးရွာ လေး၌ နားခဲ့ပြီး ထမင်းစားကြပါသည်။ ဒေါ်ခင်ဝင်းတစ်ယောက်ကတော့ ထမင်းစားပြီးသည်နှင့် သူ့မိုဘိုင်းလ် ဖုန်းကိုနှိပ်ပြီး သမီးရေ ရွာမှာမတ်ပဲ ဘယ်ဈေးလဲ၊ ပဲတီစိမ်းရော ဘယ်ဈေးပေါက်နေလဲ ဆိုပြီး ပဲဈေးတွေ မေးနေသည်ကို ကြားလိုက်ရသည်။
ထိုသို့ စကားပြောပြီးနောက် မပြီးနိုင်သေးဘဲ နောက်ထပ် သူဖုန်းဆက်နေတာကို မြင်လိုက်ရသည်။ ဟဲလို မောင်လေး ဒီနေ့ ဘယ်ဈေးပေါက်လဲ အေးအေး ကျေးဇူးတင်ပါတယ်ကွယ်ဟု ပြောပြီး သူသိလိုသမျှသိရ၍ စိတ်ကျေနပ်နေဟန် ပေါ် လွင်နေသည်။
သူမတစ်ယောက် အလုပ်ရှုပ်နေချိန်မှာ ကျွန်တော့် GSM က တိုင်တစ်တိုင်မှ မရှိတော့ကြောင်း မိုဘိုင်းလ်ဖုန်း မျက်နှာပြင်မှာ ပြသနေပြီ ဖြစ်သည်။ ကားတစ်စီးလုံး သူမတစ်ယောက်တည်းသာ အလုပ်ရှုပ်နေပြီး အခြား သူများနှင့် ကျွန်တော်ကတော့ သူ့ကိုငေးကြည့်ရင်း လူ့အသိုင်းအဝိုင်းနှင့် ခေတ္တ အဆက်အသွယ်ပြတ် တောက် နေလေသည်။
ကုန်သည် တစ်ယောက်ဖြစ်သော ဒေါ်ခင်ဝင်းကတော့ သမီးရေ တစ်တင်း ၂ဝဝ ပိုပေးပြီး ရသလောက်သာ ဝယ်ထား လိုက်တော့၊ အမေတစ်ခါတည်း အောက်ပြန်ဆင်းမယ်ဟု ဖုန်းပြောနေသောကြောင့် ကျွန်တော် အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ စိတ်ထဲကလည်း ဒီလောက်ပင်ပန်းတဲ့ ခရီးကိုဒီအမျိုးသမီး အနားမနေ ဘဲပြန်ဆင်းမည် ဟု ပြောနေပြန်သောကြောင့် ကျွန်တော့်အနေဖြင့် ဖြစ်နိုင်ပါ့မလားဟု တွေးထင်မိနေသည်။ ထမင်းစားပြီးနောက် ကားက ဆက်လက် ထွက်ခွာလာသည်။
မိုဘိုင်းလ်ဖုန်း အလုံးအရင်းဖြင့် ရောင်းချနေသော ယခုချိန်တွင် ယခင်က အရေးပါမော်ကြွားနိုင်သော မြန်မာ့ ဆက်သွယ်ရေးက ဖွင့်လှစ်ပေးထားသည့် PCO ခေါ် အများပြည်သူသုံး တယ်လီဖုန်း ခေါ်ဆိုမှုများမှာ တစ်နေ့ ထက်တစ်နေ့ ကျဆင်းလာနေပြီး စီးပွားရေးမြို့တော်ဖြစ်သော
ရန်ကုန်မှာပင် များပြားလှသော PCO ဝန်ထမ်း ကလေးများမှာ စိုးရိမ်ပူပန်မှု
ဖြစ်ပေါ်နေကြသည်။ ''ဝင်ငွေထက်ဝက်ကျော် ကျဆင်းနေတာပါ။ အရင်က တစ်နေ့ ၅ဝဝဝ
လောက် ဆိုတာ မပြောပလောက်ပါဘူး။ အခုတော့ တစ်နေ့ ၂၅ဝဝ လောက်တောင် အနိုင်နိုင်
ဖြစ်နေပါတယ်'' ဟု ဂျပန်ဆေးရုံကြီးရှေ့ရှိ PCO ဝန်ထမ်း အမျိုးသမီး တစ်ဦးက
ပြောတာ ကြားခဲ့ဖူးသည်။
နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အရေးပါလှသော ဆက်သွယ်ရေး ဖုန်းကဏ္ဍသည် ယခင်က လူနည်းစုသာ ကိုင်ဆောင်နိုင်သောကြောင့် အကန့်အသတ် ရှိခဲ့သည် ဆိုကြသည်။ ယခုအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ အတော်အတန် ပွင့်လင်းလာပြီဟု ဆိုနိုင်ပြီး အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံနှင့် ယှဉ်ပါက မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်ခများမှာ ဈေး ကြီးမြင့် နေကြောင်း နိုင်ငံတကာ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သူ ကိုလင်းအောင်ပြည့်က ပြောကြားခဲ့သည်။
မိုဘိုင်းလ်ဖုန်းများ ပိုမိုဝယ်ယူခွင့် ရလာသောကြောင့် မြန်မာ့စီးပွားရေး အသိုက်အဝန်းတွင် အဓိက အသုံးပြုမှု အကျိုး သက်ရောက်သော နယ်ပယ်မှာ အသေးစားနှင့် အလတ်စား ကုန်သည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ် ကူးသန်း စီးဆင်းမှု မြန်ဆန် ပြောင်းလဲသွားပြီး ဆက်သွယ်ရေးကြောင့် လုပ်ငန်းငယ်များ အရောင်းအဝယ် ပိုမိုဖွံ့ဖြိုး အောင်မြင် လာခဲ့သည်။
ကြားခံ ပွဲစားများ၏ အဆင့်ခံမှု နည်းပါးသွားပြီး ရပ်ရွာရှိ ငွေကြေး ရင်းနှီးမြှုပ်နှံသူများကို
ဆက်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုး လာမှုက အကျိုး ဖြစ်ထွန်းစေသည့်အပြင် ဒေသခံ
တောင်သူများအဖို့လည်း ငွေကြေး ပိုမိုရရှိ စေလာသည်။ မိုဘိုင်းလ်ဖုန်း
များကြောင့် တောင်သူလယ်သမားများက တောင်သူ စိတ်ကြိုက်ဈေးကွက်
ဖော်ဆောင်ရေးကို ပိုမို ကြိုးစား လာနိုင်ကြ သည်။
ယခင်က ကုန်သည်ကြီးများ ဈေးဖွင့်ပြီး ပွဲစားအဆင့်ဆင့်၊ အဝယ်တော် အဆင့်ဆင့်၏ ဈေးနှုန်းကို ပေါက်ဈေး အဖြစ် လက်ခံကြရတာ၊ ခေါင်းပုံ အမျိုးမျိုး ဖြတ်ခံခဲ့ရသော ကျေးလက်ဒေသရှိ တောင်သူများမှာ ယနေ့အချိန် Tablet နှင့် မိုဘိုင်းလ်ဖုန်း ချိတ်ဆက်ပြီး ကြားခံမလိုတော့ဘဲ ပြည်တွင်း ကုန်သည်ကြီးများကို တိုက်ရိုက် ရောင်းချရန်နှင့် နိုင်ငံ တကာပေါက်ဈေး ဈေးနှုန်းများကို ရယူကြည့်ရှုနိုင်ရန် ပြင်ဆင်လုပ်ဆောင် နေကြပြီ ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုကောင်းမွန် လာပါ က တောင်ပေါ်မြေပြန့် ဒေသအားလုံး မိုဘိုင်းလ်ဖုန်း ကောင်းစွာ ကိုင်တွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအခါ အဓိက အကျိုးဖြစ်ထွန်းစေမည်မှာ ကျေးလက်ဒေသ ဖြစ်ပေမည်။ အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲ နေသော စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်း အဖြစ်အပျက်များအားလုံးကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ဒေသတွင်း ဖြစ်ပျက်မှုများအပြင် သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို သိရှိနိုင်ပြီး ကျေးလက်နေ ပြည်သူများ တစ်ဖက်တစ်လမ်းမှ ဖွံ့ဖြိုးလာမည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော်သည် မိုဘိုင်းလ်ဖုန်းဖြင့် တောင်ပေါ်၌ ကျန်ရစ်ခဲ့သော သမီး ဖြစ်သူနှင့် မိတ်ဆွေများထံ သီးနှံဈေး စုံစမ်းမေးမြန်း လျက်ရှိသော ဒေါ်ခင်ဝင်းကို ကြည့်ရင်း သို့ကလိုတွေးမိနေ ပါသည်။ ။
မြ၀တီ
တောင်တန်းဒေသ နေသူတစ်ဦးဖြစ်သော်လည်း သူ့လက်ထဲတွင် CDMA MHz ဖုန်းတစ်လုံးကို ကိုင်ဆောင် လာခဲ့သည်။ သူက သူ့မိုဘိုင်းလ်ဖုန်းကလေးကို