တနင်္လာနေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း ယာဉ်အတော်များများလည်း ရွှံ့ချပ်များအောက်တွင် နစ်မြုပ်သွားကြောင်း အာဏာပိုင်များက ဆိုသည်။
မက္ကစီကိုနိုင်ငံ အလယ်ပိုင်းတွင် မြေပြိုမှု တစ်ခုကြောင့် အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးသွားကြောင်း သိရှိရသည်။ တနင်္လာနေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း ယာဉ်အတော်များများလည်း ရွှံ့ချပ်များအောက်တွင် နစ်မြုပ်သွားကြောင်း အာဏာပိုင်များက ဆိုသည်။ မက္ကစီကိုနှင့် ကွာရီတာရို ဆက်သွယ်ထားသော အဝေးပြေး လမ်းပေါ်တွင် တီပီဂျီဒယ်လ် ရီယို ခရိုင်အတွင်း တနင်္ဂနွေနေ့ကတည်းက မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သည့်နောက် ယခုမြေပြိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တန်နှင့်ချီ အလေးချိန်ရှိသော မြေကြီးနှင့် ရွှံ့ချပ်များသည် အနည်းဆုံး မော်တော်ကား (၅)စင်းမျှကို အစအန ပျောက်သွားအောင် မြှုပ်ပစ်လိုက်သည်။ တက္ကစီ တစ်စင်းအတွင်း လိုက်ပါလာသည့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားသလို အနီရောင် ဗင်ကားတစ်စင်းနှင့်အတူ ပါလာသည့် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁)ဦးလည်း အသက်ဆုံးရှုံးသွားကြောင်း အာဏာပိုင်များက ဆိုသည်။
အဆိုပါ ဗင်ကားထဲတွင် နောက်ထပ် လိုက်ပါလာသူ (၄)ဦးမှာမူ ဒဏ်ရာများ ရရှိကာ နော်ကယ်လ်ပန်ရှိ ဆန်ဟိုဆေး ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရသည်။ လက်ရှိတွင်မူ လမ်းပေါ် ပိတ်ဆို့နေသည့် မြေပြိုကျမှု အစိုင်အခဲများကို စစ်တပ်နှင့် ကယ်ဆယ်ရေးများ ပူးပေါင်း ရှင်းလင်းနေဆဲ ဖြစ်သည်။ ထိုအတောအတွင်း အဆိုပါ အဝေးပြေးလမ်းပိုင်းကိုလည်း ပိတ်ထားရဆဲဟု သတင်းများက ဖော်ပြသွားသည်။
Planet.com.mm