မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ
မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပြုလုပ်ရာတွင် ပို့ဆောင်စရိတ်
သက်သာသော်လည်း ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရိခံမှ ငါးအ၀ယ်ဒိုင်များ၏
ဆက်ဆံပုံများနှင့် မိုးတွင်းလမ်း အနေထားများကြောင့် မြိတ်မှရေထွက်ကုန် တင်ပို့သူများ အနေဖြင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့သာ ကုန်သွယ်မှု ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
မောတောင်နယ်စပ်မှာ ကုန်းလမ်းခရီးဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် လမ်းခရီး တစ်ခုဖြစ်ပြီး ပို့ဆောင်စရိတ်များမှာ ရေလမ်းခရီးထက် ကုန်ကျမှု ထက်ဝက်ခန့် သက်သာကြောင်း ပို့ကုန်တင်ပို့သူများက တွက်ချက်ပြခဲ့သည်။ အချိန်တိုအတွင်း ပို့ဆောင်နိုင်သည့်အပြင် ဘန်ကောက်နှင့်နီးသည့် အားသာချက်များကြောင့် ရေထွက်ကုန်များ တင်ပို့ရာတွင် အလားအလာ များစွာရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သော်လည်း ပကျွတ်မှ ငါးအ၀ယ်ဒိုင်များ၏ ဆက်ဆံပုံများကြောင့် ရေထွက်ပစ္စည်း တင်ပို့သူများ အနေဖြင့် ရနောင်းလမ်းကြောင်းကိုသာ ရွေးချယ်လိုက်ကြောင်း သိရသည်။
''ဖြစ်တာက မောတောင်နယ်စပ် ဖွင့်ပွဲရက်က ပကျွတ်မှာ ရေထွက်ကုန်တွေ သွားရောင်းရာမှာ ပြဿနာ စဖြစ်တာပဲ။ ဖွင့်ပွဲမတိုင်မီမှာ ရေထွက်ကုန်တွေကို ပေါက်ဈေးအတိုင်းပေးမယ်၊ တင်ပို့လာတဲ့ ကုန်တွေကို အားလုံးဈေးမနှိမ်ဘဲ အဆင်ပြေအောင် ၀ယ်ယူပေးမယ်လို့ နှစ်ဖက်နိုင်ငံ အစိုးရချင်း သဘောတူထားပါတယ်။ ကျွန်တော်တို့ ငါးတွေ၊ ကဏန်းတွေ သွားရောင်းတော့ ဈေးကို အရမ်းနှိမ်ပြီး ၀ယ်တယ်၊ ထက်ဝက်လောက်ကို ချပစ်လိုက်ပါတယ်။ အဲဒီမှာ ကုန်သည်တွေလည်း မရောင်းတော့ဘူးဆိုပြီး ပြောတော့ ကုန်သည်တွေကို ငါးဒိုင်ကလူတွေက ခြိမ်းခြောက်ပါတယ်'' ဟု ပကျွတ်တွင် ရေထွက်ကုန် သွားရောင်းခဲ့သူ တစ်ဦးက ပြောကြားသည်။
မေ ၈ ရက်တွင် ရေထွက်ကုန် တင်ပို့မှု တစ်ရက်တည်းသာ ရှိခဲ့ပြီး နောက်ပိုင်းရက်များတွင် မောတောင်နယ်စပ်မှ ရေထွက်ကုန်နှင့် တခြားကုန်များ တင်ပို့မှု လုံးဝမရှိတော့ကြောင်း သိရသည်။
''ဈေးမှန်အတိုင်း ၀ယ်ယူပေးရင် ကျပ်သိန်း ၅၀၀ အထိ ရှိပါတယ်။ အခုတော့ သိန်း ၂၂၀ လောက် အရှုံးခံပြီး ရောင်းပေးခဲ့ရတယ်။ မရောင်းရင်လည်း မရတော့တဲ့ အနေထားပါ။ နောက်ထပ်ရေထွက်ကုန် တင်ပို့မှုကိုတော့ မပြုလုပ်တော့ပါဘူး။ ထိုင်းနိုင်ငံ၊ ရနောင်းနဲ့ပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ'' လို့ မြိတ်မြို့မှ ရေထွက်ကုန်တင်ပို့သူ တစ်ဦးက ပြောကြားသည်။
ယခုလက်ရှိ ကားလမ်းအနေအထား များမှာလည်း မိုးရာသီတွင် မြေသားကျွံခြင်းများ ဖြစ်ပွားတတ်သည့် အတွက် ကားကြီးများ ရေရှည်တွင် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။ မောတောင်ကုန်သွယ်ရေး လမ်းကြောင်းမှ ကုန်သွယ်ရာတွင် လမ်းခရီးအနေအထားနှင့် ငါးအ၀ယ်ဒိုင်များ၏ ဆက်ဆံရေးများကြောင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း မောတောင်ကုန်သွယ်မှု မြင့်တက်ရန်အတွက် ကားလမ်းအနေထား အဆင့်မြှင့်တင်ရန် လိုအပ်ပြီး၊ မောတောင်နယ်စပ်တွင် ငါးလေလံဈေးတစ်ခု တည်ဆောက်ပြီး ရေထွက်ကုန်များကို မြန်မာနိုင်ငံအတွင်း လာရောက်ပြီး လေလံဆွဲ ၀ယ်ယူစေပါက ကုန်သွယ်မှု မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက် ရှိကြောင်း သိရသည်။
EMG
ထိုင်းနိုင်ငံ ပကျွတ်ဆိပ်ကမ်းရှိ ငါးအ၀ယ်ဒိုင်တစ်ခုအား တွေ့ရစဉ်