ရန်ကုန်မြို့တော် တစ်ဝန်းလုံးရှိ အဓိကယာဉ်နှင့် လူအထူထပ်ဆုံး၊ ယာဉ် ဖြတ်သန်းသွားလာမှု အများဆုံး လမ်းမကြီး များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆင့်မြှင့်တင်လျက် ရှိရာ ယင်း
လုပ်ငန်းစဉ်တွင် အပါအဝင် ဖြစ် သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကို
လမ်းသားတိုးချဲ့ အဆင့်မြှင့်တင်မှု လုံးဝနီးပါး ပြီးစီးတော့မည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
''လမ်းမတော်မြို့နယ် လမ်းသစ်လမ်းကနေ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အထိ လမ်းသား တိုးချဲ့မှုနဲ့ အတူ ရေစီးရေလာ ကောင်းမွန်ဖို့ အတွက် ရေဆင်းမြောင်းများ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းရော လူသွားစင်္ကြံနဲ့ ကားပါကင် ဖော်ထုတ်မှုပါ တွဲဖက် ဆောင်ရွက် နေပါတယ်။ ပြီးစီးမှုကတော့ ၉ဝ ရာခိုင်နှုန်း လောက် ရှိနေပါပြီ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ သည်။
အဆိုပါ လမ်းသား ချဲ့ထွင်မှုမှာ အရှည် ပေ ၇၈ဝဝ ရှိသည့် လမ်းသား တစ်လျှောက်တွင် အကျယ်ပေ ၇ ပေမှ ၁၅ ပေ၊ ပေ ၂ဝ အထိ လမ်းသား ချဲ့ထွင်ကာ ယာဉ်ရပ်နားနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လမ်းသား တိုးချဲ့ အဆင့်မြှင့်တင်မှု ပြီးစီးပါက ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် ယာဉ် ကျပ်တောင့် ပိတ်ဆို့မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရ သည်။
ယခုနှစ်တွင် ရန်ကုန်မြို့တော် တစ်ဝန်းလုံး (လမ်း/ တံတား) လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ ချထားမှုမှာ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် ရှိကြောင်း သိရသည်။
ဇာနည်မောင်
မြ၀တီ