ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသော ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်
ပုလဲရတနာလမ်းတွင် မေလ ၃၁ ရက် နံနက် ၁၀နာရီက ဆွမ်းခံကြွလာသော
သံဃာတစ်ပါးနှင့် ကိုရင်နှစ်ပါးတို့ကို အမျိုးသမီးတစ်ဦးက “အန္တရာယ်ကောင်တွေ
လာနေတယ်၊ ခပ်ဝေးဝေး ရှောင်ကြ” ဟု ပြောသဖြင့် ယင်းအမျိုးသမီးကို
တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ဥက္ကံ
ပဋိပက္ခတွင် မီးလောင်ခဲ့သည့် ပနီပင်ရွာ တွင် နေထိုင်သူ ဒေါ်စန်းစန်းထွေးက
ဇေယျာသုခ ဓမ္မာရုံကျောင်းမှ ဦးပဉ္ဇင်း ဦးစန္ဒောဘာသ နှင့် ကိုရင်နှစ်ပါး
ပုလဲရတနာလမ်း အတိုင်း ဆွမ်းခံကြွ လာစဉ် ယင်းကဲ့သို့ ပြောဆိုခြင်းကြောင့်
ဆွမ်းလောင်းလှူနေသူ ဦးထွန်းကြိုင်က အရေးယူပေးရန် မြို့နယ်
ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားသဖြင့် ရဲအရေးမပိုင်မှု အမှတ်စဉ် ၁၅။၁၃ ဖြင့်
တိုက်ကြီးမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားရာ အဆိုပါ
တိုက်ကြီးမြို့နယ် တရားရုံးက ရာကြီးအမှတ် ၆၂၃ ။၁၃ ဖြင့် လက်ခံ စစ်ဆေးကာ
ကျင့် ၂၀၂ အရ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ ဆောင်ရွက်လျက်ရှိပြီး ဥက္ကံမြို့တွင် တည်ငြိမ်လျက် ရှိကြောင်း ဥက္ကံမြို့ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ခုကိစ္စနဲ့ ပတ်သက်လို့ ဥက္ကံမှာ ရုတ်ရုတ်သဲသဲ ဖြစ်နိုင်ခြေမရှိပါဘူး။ လူတွေကလည်း ကြုံတွေ့ဖူးတဲ့ အခြေအနေအရ ဥပဒေအရပဲ ဖြေရှင်းတဲ့ သဘောပါ။ အားလုံး တည်ငြိမ်ပါတယ်” ဟု တိုက်ကြီး မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလွင်စိုးမင်းက သုံးသပ် ပြောကြားသည်။
ဧပြီလ ၃၀ ရက် နေ့တွင် အသက် ၁၁နှစ် အရွယ် ကိုရင်လေးနှင့် အမျိုးသမီးတစ်ဦး တိုက်မိပြီး ဆွမ်းသပိတ် ကျကာ အဖုံးကွဲရာမှ စတင် ဖြစ်ပွားသည့် ပဋိပက္ခအတွင်း မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး ၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ခန်း၅၀ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly