ချယ်လ်ဆီး အသင်းနှင့် ပတ်သက်သော သတင်းများ အပေါ် တောက်လျှောက်
နှုတ်ဆိတ်နေခဲ့သော ဟိုဆေး မော်ရင်ဟို တစ်ယောက် ယခုအခါ ယင်းကိစ္စကို အတည်ပြု
ပြောကြားလိုက်ပြီ ဖြစ်သည်။
ပေါ်တူဂီသား နည်းပြက ရီးယဲလ်မက်ဒရစ် အသင်းအတွက် နောက်ဆုံးပွဲကို ဦးဆောင် ကိုင်တွယ်ပြီးနောက် ယခု သီတင်းပတ် အတွင်း တစ်ချိန်က ၎င်းကျင်လည် ခဲ့ဖူးသည့် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြန်သွားမည်ဟု ကြေညာခဲ့သည်။
စပိန်ကလပ် ရီးယဲလ်သည် မေလ (၃)ရက်နေ့တွင် မော်ရင်ဟိုနှင့် တရားဝင် လမ်းခွဲပြီဟု ထုတ်ဖော် ပြောဆိုထားသလို ရက်ပိုင်း အတွင်း မော်ရင်ဟို အနေဖြင့် ချယ်လ်ဆီးနှင့် လက်မှတ် ရေးထိုးဖွယ် ရှိနေသည်။ သတင်းများက ချယ်လ်ဆီးသည် အသက်(၅၀)အရွယ် မော်ရင်ဟိုကို မန်နေဂျာ ရာထူးအတွက် (၄)နှစ် စာချုပ်မည်ဟု ဖော်ပြခဲ့သည်။
စပိန် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုဖြစ်သော Punto Pelotaနှင့် အင်တာဗျူးတွင် မော်ရင်ဟိုက "ကျွန်တော် တနင်္လာနေ့မှာ လန်ဒန်ကို ရောက်မယ်။ ဒီသီတင်းပတ် အကုန်လောက်မှာ ချယ်လ်ဆီး မန်နေဂျာ တာဝန်ကို စယူဖြစ်ပါမယ်။ အဲဒီမှာက လူတွေက ကျွန်တော့်ကို ချစ်ခင်တယ်လို့ ခံစားမိတယ်။ ဘဝအတွက် အလေးအနက် စဉ်းစားသင့်တဲ့ အခြေအနေ တစ်ခုပဲ။ ဘဝဆိုတာ လှပပေမယ့် တိုတောင်းပါတယ်။ အဲဒီ အချိန်မှာ ကိုယ့်အတွက် အကောင်းဆုံး ဘာဖြစ်မယ် ဆိုတာကို အလေးအနက် ရွေးချယ်သင့်တယ်လေ" ဟု ပြောကြားသွားသည်။
ကျွန်တော် တနင်္လာနေ့မှာ လန်ဒန်ကိုရောက်မယ်။ ဒီသီတင်းပတ် အကုန်လောက်မှာ ချယ်လ်ဆီး မန်နေဂျာ တာဝန်ကို စယူဖြစ်ပါမယ်...
soccermyanmar