ဗီယက်နမ်
နိုင်ငံက မှာယူထားသော ရေငုပ်သင်္ဘော ခြောက်စင်းအား ရုရှားနိုင်ငံ အနေဖြင့်
အချိန်မီ တည်ဆောက် ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရုရှား နိုင်ငံသို့
အလည် အပတ် ရောက်ရှိနေသည့် ဗီယက်နမ် ၀န်ကြီးချုပ် ငုယင် တန်ဇွန်းက မေ ၁၃
ရက်တွင် ရုရှားနိုင်ငံ အနောက်ပိုင်း ကာလီနင်ဂရက် ဒေသရှိ Svetly
သင်္ဘောကျင်းသို့သွားရောက် လည်ပတ်စဉ် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံအတွက် ရေငုပ်သင်္ဘော ခြောက်စင်းကို ၂၀၁၆ ခုနှစ် အကုန်တွင် အပြီးတည်ဆောက် ပေးရမည် ဖြစ်ကြောင်း သိရသည်။ ရုရှား နိုင်ငံလုပ် ရေငုပ် သင်္ဘော များအား ဗီယက်နမ် နိုင်ငံသို့ ရောင်းချ ပေးခြင်းသည် နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ယုံကြည်မှုကို ထင်ဟပ် ပေါ်လွင်စေ ကြောင်းနှင့် အဆိုပါ ရေငုပ် သင်္ဘောများ မှာယူ ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကိုယ်ပိုင် ကာကွယ်ရေးနှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာအား ကာကွယ် စောင့်ရှောက်ရန် အတွက် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ဗီယက်နမ် ရေတပ်အတွက် ၆၃၆ အတန်းအစား ရေငုပ်သင်္ဘော ခြောက်စင်းအား စိန့်ပီတာ စဘတ်ခ်ျ မြို့တွင် တည်ဆောက် သွားမည် ဖြစ်ပြီး အဆိုပါ သင်္ဘောများအား Svetly သင်္ဘောကျင်းတွင် စမ်းသပ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေငုပ်သင်္ဘော များတွင် တော်ပီဒို လောင် ချာ ခြောက်ခုနှင့် မိုင်းများကို တပ်ဆင်အသုံး ပြုနိုင်ပြီး ရေအောက်မီတာ ၃၀၀ အနက် ထိ ငုပ်လျှိုးနိုင်စွမ်း ရှိကြောင်းနှင့် ၎င်းရေငုပ် သင်္ဘောများကို သင်္ဘောနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်ရေးများ အတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားကြောင်း သိရသည်။