ပုဂ္ဂလိက
LPG (ရေနံဓာတ်ငွေ့ရည်) ကုမ္ပဏီ မော်တော်ယာဉ်သုံး LPG အရောင်းဆိုင်များ
ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
"အခု ကားတွေကိုလည်း စမ်းသပ်သွင်းနေတယ်။ ဆလင်ဒါ အိုးတွေသွင်းဖို့နဲ့ သိုလှောင်ကန် လုပ်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်" ဟု ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီတစ်ခုမှ အရောင်းမန်နေဂျာ တစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် LPG သုံး မော်တော်ယာဉ်အချို့ ရှိနေပြီး မော်တော်ယာဉ် အများစုမှာ လမ်းဘေး LPG ဓာတ်ငွေ့ရည် အရောင်းဆိုင်များတွင်သာ ၀ယ်ယူလျက်ရှိကြောင်း သိရသည်။
မော်တော်ယာဉ်များတွင် တပ်ဆင်သည့် LPG ဓာတ်ငွေ့အိုးသည် LPG ၄၅ ကီလိုဂရမ်ခန့် ဆန့်သည်။ ဓာတ်ငွေ့ရည် အပြည့်ထည့်ဝင် ပြီးပါက မော်တော်ယာဉ် အင်ဂျင်ပါဝါနှင့် သုံးစွဲမှုပေါ် မူတည်ပြီး ရက် ၂၀ မှ ရက် ၃၀ ခန့်အထိ အသုံးခံပြီး လက်ရှိ LPG ပေါက်ဈေးသည် တစ်ကီလိုဂရမ်လျှင် ကျပ် ၁၂၀၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် LPG ဓာတ်ငွေ့ရည်ကို မန်းသံပရာကန် ရေနံချက် စက်ရုံမှ ထုတ်လုပ်သော်လည်း အရည်အသွေးနှင့် လိုအပ်ချက် ပြည့်မီမှု မရှိသောကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် အဓိက တင်သွင်းရောင်းချလျက် ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် နိုင်ငံတွင်းမှ ထုတ်လုပ်သော LPG ကို တရားဝင် တင်ပို့ရောင်းချခွင့် မပြုသော်လည်း ထိုင်းကုန်သည်များက မှောင်ခိုစနစ်ဖြင့် တင်ပို့ရောင်းချပြီး မြန်မာကုမ္ပဏီများက တရားဝင် လိုင်စင်စနစ်ဖြင့် တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံရှိ LPG ဓာတ်ငွေ့တင်သွင်း ရောင်းချသည့် ကုမ္ပဏီများမှာ GL(Green Luck)၊ IB (ရွှေသံလွင်)၊ UEC (IBTC)၊ Star Gas (ကောင်းထက်မြန်မာ) စသည့် ကုမ္ပဏီများဖြစ်ပြီး လူလေး၊ ရဲကျော်ကဲ့သို့ အိမ်သုံးဓာတ်ငွေ့ရည် ရောင်းချသည့် ဆိုင်များကလည်း Myanmar LPG Group အမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG
ထိုင်းနိုင်ငံရှိ LPG ရေနံဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - www.chiangmailocator.com)