ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်တွင် နိုင်ငံခြားသား ခရီးသွားဦးရေ နှစ်ဆခန့် မြင့်တက်လာ

ချင်းပြည်နယ်
နတ်မတောင် အမျိုးသားဥယျာဉ်တွင် နိုင်ငံခြားသား ခရီးသွားလာခွင့်
မကန့်သတ်တော့ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားဦးရေ နှစ်ဆခန့်
မြင့်တက်လာသည်ဟု နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက
ပြောကြားသည်။နတ်မတောင် အမျိုးသားဥယျာဉ်သို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လာရောက်သည့်
နိုင်ငံခြားသားဦးရေ တစ်ရာကျော်သာ ရှိသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူ
နိုင်ငံခြားသား လေးရာနီးပါး လာရောက်ခဲ့ကြောင်းနှင့် ပြည်တွင်းခရီးသွား ၅၀၀
ခန့်အထိ လာရောက်ကြောင်း သိရသည်။''ဒီဒေသကိုလာတဲ့ နိုင်ငံခြားသား
ခရီးသွားက ကျွန်တော်တို့ အမျိုးသားဥယျာဉ် အတွင်းကိုပဲ ၀င်တဲ့ခရီးသွားတင်ပဲ၊
ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက် ပိုများပါတယ်။ ၂၀၁၁-၁၂ က နိုင်ငံခြားသားဦးရေ
၁၀၀ ကျော်သာ ရှိပေမယ့် ဒီနှစ်မှာ ၃၇၈ ဦးရှိပါတယ်'' ဟု ဦးတင်မြစိုးက
ပြောကြားသည်။နတ်မတောင် အမျိုးသားဥယျာဉ်သို့ ဇန်န၀ါရီ၊
ဖေဖော်ဝါရီ၊ မတ်လနှင့် ဒီဇင်ဘာလများတွင် ခရီးသွားများ အများဆုံး
လာရောက်လေ့ရှိကြောင်းနှင့် ခရီးသွားဦးရေ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ
နိုင်ငံခြားသား ခရီးသည်များအား ခရီးသွားလာခွင့် ကန့်သတ်မှု
မရှိတော့ခြင်းကြောင့် ခရီးသွားဦးရေ တိုးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။
''ပြီးခဲ့တဲ့နှစ်တွေမှာက မင်းတပ်တို့၊ ကန်ပက်လက်တို့မှာက
နိုင်ငံခြားသားတွေအတွက် ကကကကြည်းနဲ့ နိုင်ငံတော်အစိုးရရဲ့ ခရီးသွားလာခွင့်
ပါမစ်ရှင်လိုတယ်။ အခုနောက်ပိုင်းကတော့ မလိုတော့ဘူးလို့ သိရတယ်။ အခုလို
ခရီးသွားလာခွင့်တွေ လျော့ချလိုက်တဲ့အတွက် လာမယ့်ပွင့်လင်းရာသီမှာ
နိုင်ငံခြားသား ခရီးသွားတွေ တိုးလာဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင်
ပုဂံကိုလာတဲ့ နိုင်ငံခြားသားတွေ ဒီဘက်ဆက်လာလို့ရပြီ'' ဟု ဦးတင်မြစိုးက
ပြောပြသည်။
နိုင်ငံခြားသားများအနေဖြင့်
နတ်မတောင် အမျိုးသားဥယျာဉ်သို့ ငှက်ကြည့်ခြင်း၊ တောင်တက်ခြင်းနှင့်
ဒေသရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို လေ့လာရန် အများဆုံး
လာရောက်လေ့ရှိပြီး ငှက်ကြည့်ရန် လာရောက်သူ အများဆုံးဖြစ်ကြောင်း သိရသည်။
လာရောက်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များတွင် ပြင်သစ်၊ ဂျာမနီ
စသည့် ဥရောပ နိုင်ငံများမှ ခရီးသွားများ လာရောက်မှု အများဆုံးဖြစ်ကြောင်း
သိရသည်။
Eleven Media Group
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်