ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်နေစဉ်
နိုင်ငံတကာ ရွှေဈေးကွက်၌ ရွှေအရောင်းအ၀ယ် ပြုလုပ်သည့် ဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်လာနေပြီး ပြည်တွင်းရွှေ ပေါက်ဈေးမှာလည်း ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ်၊ မေလအတွင်း၌ နိုင်ငံတကာ ဈေးနှုန်းမှာ အတက်အကျ မြန်ဆန်ခဲ့ခြင်းကြောင့် နိုင်ငံတကာဈေးနှင့် ဆက်နွှယ်လျက်ရှိသည့် ပြည်တွင်းရွှေဈေးမှာလည်း လိုက်ပါပြောင်းလဲ ခဲ့ရသည်။နိုင်ငံတကာ ရွှေဈေးမှာ ဧပြီလဆန်းပိုင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ ကျော် ရှိနေရာမှ ဧပြီ ၁၂ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ၀န်းကျင်အထိ ပြုတ်ကျခဲ့မှုကြောင့် ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ် ၆၆၀၀၀၀ အထိ ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းနောက် နိုင်ငံတကာ ရွှေဈေးကွက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ဈေးနှုန်းပြန်လည် မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးအထိ ပြန်လည်ကျဆင်း ခဲ့ခြင်းကြောင့် ပြည်တွင်း၌ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ မြင့်တက်နေချိန် ဖြစ်သော်လည်း ဈေးနှုန်းအတက်အကျ များစွာဖြစ်ခဲ့သည်။
မေ ၂၇ ရက်နေ့တွင် နိုင်ငံတကာ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၃ ဒသမ ၉၉ ပေါက်ဈေးရှိနေပြီး ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၁၃၀၀၀၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ ဖြင့် ရောင်းချလျက်ရှိပြီး ပုံမှန်ဈေးသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ရွှေဆိုင်များမှ ပြောကြားချက်အရ သိရသည်။
နိုင်ငံတကာ ရွှေဈေးနှုန်းမှာ ၂၀၁၂ ခုနှစ်အတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့ဖူးသည်။
EMG