အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက်လက်ဝါးကြီး အုပ်ထားသော အစိုးရ သတင်းစာများ၏ ခြေလှမ်းသစ်များကြောင့် ပုဂ္ဂလိက သတင်းစာများ ပိုမို ယှဉ်ပြိုင်လာကြမည်


နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက် လက်ဝါးကြီး အုပ်ထားပြီး အဘက်ဘက်မှ အသားစီး ရယူထားသော အစိုးရ သတင်းစာများ၏ ခြေလှမ်းသစ်များကြောင့် ပုဂ္ဂလိက သတင်းစာများ ပိုမိုယှဉ်ပြိုင် လာကြကြောင်း ပုဂ္ဂလိက သတင်းစာ အသီးသီးမှ အယ်ဒီတာများက ပြောကြားခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ကို တာဝန်ယူပြီးနောက်ပိုင်း စတုတ္ထမဏ္ဍိုင်၏ အရေးပါမှုကို ပြောကြားခဲ့ပြီး စာပေစိစစ်ရေး ဖျက်သိမ်းပေးခြင်း၊ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုပေးခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာန၏ အစီအစဉ်သစ်များက ပုဂ္ဂလိက မီဒီယာများကို ပြိုင်ဘက်သဖွယ် သဘောထားလာခြင်းများ ရှိလာခဲ့ပါသည်။

မေလ ၂၀ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်းခဲ့သော အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပြီး အစိုးရ သတင်းစာများကို အသွင်ပြောင်းမည့် ပုံစံအား ချပြခဲ့ပါသည်။ ထိုဥပဒေကြမ်းသည် နိုင်ငံပိုင် မီဒီယာများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေအဖြစ် ဂျာနယ်လစ်များက သုံးသပ်ခဲ့ပြီး ဝေဖန်ပြောကြားမှုများလည်း ပြုလုပ်ခဲ့ပါသည်။

"ကျွန်တော်ကတော့ အစိုးရ သတင်းစာတွေရဲ့ အရည်အသွေးနဲ့ ရပ်တည်မှုကြောင့် သူတို့ဟာ အချိန်တန်ရင် ပြီးသွားမယ်လို့ ထင်ပါတယ်။ Nation ဥက္ကဋ္ဌ မစ္စတာဆူသီချိုင်းက ပြောဖူးတယ်။ သူတို့ထိုင်းမှာလည်း လွန်ခဲ့တဲ့ အနှစ် ၃၀-၄၀ က ဈေးပေါပေါနဲ့ ရောင်းတဲ့ အစိုးရ သတင်းစာတွေ ရှိခဲ့ဖူးတယ်။ အစိုးရ ၀န်ကြီးတွေကိုယ်တိုင် ၀င်ပြီး column ရေးကြတယ်။ ခြောက်လတစ်နှစ်လောက် ကြာတော့ ယဉ်သွားတော့တာပဲ။ လူတွေက သတင်းမှန်ကိုပဲ ဖတ်ချင်တာဆိုတော့ အချိန်တန်ရင် သူတို့အတွင်းရုပ်ကို ကြာကြာ မဖုံးနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒီမှာတော့ နှစ် ၅၀ ဈေးကွက် စီးထားတာဆိုတော့ နည်းနည်းတော့ သက်တမ်းရှည်ပါလိမ့်မယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

လက်ရှိအချိန်တွင် အစိုးရ သတင်းစာများ အနေဖြင့် ပုဂ္ဂလိက သတင်းစာများကို ပြိုင်ဘက်အသွင် သဘောထားပြီး အသာစီး ရယူမှုနှင့် ဈေးကွက်လက်ဝါးကြီး အုပ်ထားချိန်တွင် ပုဂ္ဂလိက သတင်းစာများက ပြည်သူများအား မှန်ကန်မျှတသော သတင်းဖော်ပြနိုင်ခြင်း အားသာချက်ဖြင့် ရင်ဆိုင်မှုများ ပြုလုပ်နေရသည်ဟု ပုဂ္ဂလိက သတင်းစာ အယ်ဒီတာများက ပြောဆိုခဲ့ကြသည်။
Nation ဥက္ကဋ္ဌ မစ္စတာဆူသီချိုင်းက ပြောဖူးတယ်။ သူတို့ထိုင်းမှာလည်း လွန်ခဲ့တဲ့ အနှစ် ၃၀-၄၀ က ဈေးပေါပေါနဲ့ ရောင်းတဲ့ အစိုးရ သတင်းစာတွေ ရှိခဲ့ဖူးတယ်။ အစိုးရ ၀န်ကြီးတွေကိုယ်တိုင် ၀င်ပြီး column ရေးကြတယ်။ ခြောက်လတစ်နှစ်လောက် ကြာတော့ ယဉ်သွားတော့တာပဲ။ လူတွေက သတင်းမှန်ကိုပဲ ဖတ်ချင်တာဆိုတော့ အချိန်တန်ရင် သူတို့အတွင်းရုပ်ကို ကြာကြာ မဖုံးနိုင်ပါဘူး . . . . .

"ဒီအချိန်မှာ သူတို့က ဘာအားသာသလဲလို့ ပြောရင် အရေးကြီးတဲ့ ထုတ်ပြန်ချက်တွေ၊ အမိန့်ကြော်ငြာစာတွေကို သူတို့ပဲရတယ်။ နောက်တစ်ချက်က state visit တွေ၊ ဥပမာ ဂျပန်ဝန်ကြီးချုပ် လာမယ်။ သမ္မတနဲ့ တွေ့မယ်။ ဒီတွေ့ဆုံမှုကို ပုဂ္ဂလိက သတင်းစာတွေ ၀င်လို့မရဘူး။ သူတို့ပဲ ရတယ်။ နောက်ထပ် အားသာတာကတော့ ကြော်ငြာရရှိမှု၊ လူမှုရေး ကြော်ငြာတွေ၊ တင်ဒါခေါ်တဲ့ ကြော်ငြာတွေကို သူတို့ပဲ ရတယ်။ ဒီကြော်ငြာတွေရဖို့ ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်ပေမဲ့ လောလောဆယ်မှာတော့ သူတို့ဆီပဲ သွားနေတယ်။ ဒါကတော့ သူတို့ရဲ့ အားသာချက်ပါ" ဟု The Yangon Times သတင်းစာ၏ ဥက္ကဋ္ဌ ဦးကိုကိုက ဆိုပါသည်။

"အခု လောလောဆယ်တော့ဗျာ။ သတင်း source တွေ ပိုရထားတယ်။ ရဲသတင်းတွေ၊ နယ်သတင်းတွေကို ပိုရထားတယ်။ ပုဂ္ဂလိက သတင်းစာအချို့က လူအများကြီး မခန့်နိုင်ဘူး။ သတင်းစာအတွက် Web Offset မရှိကြဘူး။ ခဏလေးစောင့်ပါ။ တစ်နှစ်ပါပဲ။ ဒီကွာခြားမှုတွေ ပြီးသွားမှာပါ" ဟု ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

"အစိုးရ သတင်းစာတွေက အခြေခံ အဆောက်အဦကအစ အစစအရာရာမှာ သူတို့ဘက်က အားသာချက် အများကြီး ယူထားတယ်။ အသာစီးလည်း ယူထားတယ်။ အခုချိန်မှာ ပုဂ္ဂလိက သတင်းစာတွေက အောင်မြင်ဖို့ ဆိုတာထက် ရပ်တည်ဖို့ကို ပိုပြီး လုပ်ဆောင်နေရတယ်" ဟု 7 Day သတင်းစာ၏ အမှုဆောင်အယ်ဒီတာ ကိုအားမာန်က ပြောပါသည်။

"သတင်းစာ ဈေးကွက်မှာတော့ အစိုးရ သတင်းစာတွေက ပုဂ္ဂလိက သတင်းစာတွေထက် အချိန်များစွာစောပြီး နေရာယူထားတယ်။ နယ်တိုင်းမှာ သတင်းထောက်တွေ ရှိတယ်။ ကိုယ်ပွားသတင်းစာတိုက်တွေ ရှိတယ်။ ဖြန့်ချိရေး အားသာချက်တွေ ရှိနေတယ်။ ဈေးလျော့ရောင်းနိုင်တယ်။ ဒီလိုအားသာချက်တွေကို ယူပြီး သာရေးနာရေး သတင်းတွေကို သူတို့က ယူထားတယ်" ဟု မြန်မာစာနယ်ဇင်း သမဂ္ဂအဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါသည်။

သို့သော် မှန်ကန်မျှတသော သတင်းဖော်ပြမှုများဖြင့် ပြည်သူကို သတင်းပေးနေသော အချက်က ပုဂ္ဂလိက သတင်းစာများ၏ အားသာချက် ဖြစ်နေကြောင်း သိရသည်။

"သတင်းဖော်ပြတဲ့ အပိုင်းမှာ ကြေးမုံ၊ မြန်မာ့အလင်း အစိုးရ သတင်းစာတွေက ပုဂ္ဂလိက သတင်းစာတွေကို ဘယ်လိုမှ မယှဉ်နိုင်တာ တွေ့ရတယ်။ ဖြစ်စဉ်ဖြစ်ရပ်မှန်တွေကို ဖော်ပြတဲ့အခါ ပုဂ္ဂလိက သတင်းစာတွေက သူတို့ထက် ပိုပြီးအားသာတယ်။ ပွင့်လင်းမြင်သာမှုမှာလည်း ပုဂ္ဂလိက သတင်းစာတွေက အားသာတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရထားတယ်" ဟု စံတော်ချိန် သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က သုံးသပ်ပါသည်။

"အစိုးရ သတင်းစာတွေရဲ့ သတင်းရေးသားမှု အပြင်အဆင် ဓာတ်ပုံထည့်သွင်းမှု အားလုံးဟာ နိုင်ငံတကာ အဆင့်မရှိဘူး။ နိုင်ငံခြား သတင်းစာ ဖတ်ဖူးသူတိုင်း သိတယ်။ သူတို့က information ပဲ ပေးနိုင်တာပါ။ သတင်းစာကောင်း တစ်ခုမှာ သတင်းရရှိမှု တစ်ခုတည်း မဟုတ်ဘူး။ သတင်းရေးသားပုံ၊ သုံးသပ်မှု၊ သတင်းနောက်ကွယ်က အကြောင်းအရာ၊ ရပ်တည်ချက်၊ လေ့လာသုံးသပ်မှု၊ အမြင်၊ အယ်ဒီတာ့အာဘော်၊ ဒါတွေက အရေးကြီးပါတယ်။ ဥပမာဗျာ...လာဘ်ပေး၊ လာဘ်ယူကိစ္စ သူတို့ဘယ်တုန်းက ဖော်ပြဖူးလို့လဲ။ ဒုဝန်ကြီးတစ်ယောက် သူ့သမီးကျောင်းသူကို P.A ခန့်ပြီး အစိုးရလစာ အလွဲသုံးစားလုပ်နေတဲ့ သတင်းမျိုး သူတို့ဖော်ပြ မတဲ့လား။ ၀န်ကြီးသားဗျာ... အဖေရဲ့ အရှိန်အ၀ါနဲ့ အခွင့်အရေးယူ စီးပွားရေး လုပ်နေတာ။ ဒါမျိုး သူတို့ရေးမလား။ ကျွန်တော်တို့ ရေးဖို့အသင့်ပဲ။ ဘယ်သူက ဘယ်နေရာမှာ မြေ၀ယ်ထားတာတို့၊ သိန်းသောင်းချီတန်တဲ့ မြေကို သိန်းဆယ်ဂဏန်းနဲ့ ယူထားတာတို့ သူတို့ရေးမလား။ ကျွန်တော်တို့က အချိန်ပဲ စောင့်နေတာ" ဟု ဒေါက်တာသန်းထွဋ်အောင်က ဆက်လက်ပြောကြားခဲ့သည်။

The Yangon Times သတင်းစာ ဥက္ကဋ္ဌ ဦးကိုကိုကလည်း လွတ်လွတ်လပ်လပ်ဖြင့် အနှောင်အဖွဲ့ ကင်းစွာဖြင့် အများပြည်သူအတွက် သတင်းဖော်ပြနိုင်ခြင်းက ပုဂ္ဂလိက သတင်းစာများ၏ အားသာချက်ဖြစ်နေကြောင်း ပြောပါသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အစိုးရ သတင်းစာများကို အသွင်ပြောင်းလဲမည့် အများပြည်သူ ၀န်ဆောင်မှု ဥပဒေနှင့် ပတ်သက်သော ဝေဖန်ချက်များကို ၎င်း၏ Facebook မှတစ်ဆင့် တုံ့ပြန်ခဲ့ရာ၌ ပုဂ္ဂလိက သတင်းစာများ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို စာဖတ်ပရိသတ်ဖြစ်သော ပြည်သူက ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကိုလည်း ပြည်သူကပင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံ အဆောက်အဦမှအစ ရင်းနှီးမြုပ်နှီးမြုပ်နှံမှု အဆုံး၊ ဈေးကွက်ပိုင်း ဆိုင်ရာများတွင် အစစအရာရာ အားသာချက်ရထားသော အစိုးရ သတင်းစာများ အနေဖြင့် အများပြည်သူ ၀န်ဆောင်မှု သတင်းစာ စစ်စစ်သို့ ကူးပြောင်းမည်ဆိုပါက ကြိုဆိုရမည် ဖြစ်သော်လည်း ထိုသို့ ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးကိုကိုက ပြောပါသည်။

"PSM စစ်စစ် ဆိုရင်တော့ ကျွန်တော်တို့က စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ ကွက်လပ်ကို ဖြည့်ပြီး ရောင်းပဲရောင်းရောင်း၊ အလကားပဲပေးပေး ကျွန်တော်တို့က ကြိုဆိုရမှာပါ။ ဒါပေမဲ့ အစိုးရရဲ့ မီဒီယာ သက်ဆိုးရှည်ဖို့အတွက် အရေခြုံပြီး လုပ်လာမလား။ အခုနေပြောဖို့ စောသေးတဲ့အတွက် ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ PSM ဆိုပြီး ပုဂ္ဂလိက မီဒီယာတွေကို ပြိုင်ဘက်လို သဘောထား ဈေးကွက်ယှဉ်ပြိုင်မှုတွေ လုပ်လာမယ်ဆိုရင်တော့ မမျှတတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ဦးကိုကိုက ပြောပါသည်။

"ကျွန်တော်တို့ ထင်တာက စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်တယ်၊ ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ခွင့်ပေးလိုက်တယ်။ ဒီအခြေအနေတွေက တစ်ဆင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကိုပေးပြီး အစိုးရပိုင်းက ထိန်းချုပ်တာတွေ၊ သူတို့ ပါဝင်ပတ်သက်တာတွေကို တဖြည်းဖြည်း လျော့ချသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ လက်တွေ့မှာတော့ အဲလိုမဟုတ်ဘဲ ပုဂ္ဂလိက သတင်းစာတွေကို ပြိုင်ဘက်လို သဘောထားပြီး ဥပဒေတွေ ထပ်ခါထပ်ခါထုတ်၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာတာတွေကို ကြည့်တဲ့အခါကျတော့ သူတို့ပြောထားတဲ့ သတင်းလွတ်လပ်ခွင့် ဆိုတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာတွေ တွေ့လာရတယ်။ ဒါကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနက လုပ်ဆောင်လာတာတွေကို ဇဝေဇ၀ါ ဖြစ်နေတယ်။ အခု လုပ်ဆောင်နေတာတွေက ဘာရည်ရွယ်ချက်တွေနဲ့ ဘယ်လိုအတွေးတွေနဲ့ လုပ်ဆောင်နေသလဲ ဆိုတာကို သံသယထားပြီး ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်" ဟု ကိုအားမာန်က ပြောပါသည်။

အစိုးရ သတင်းစာ တစ်စောင်၌ စာတည်းမှူးချုပ်အဖြစ် နှစ်ရှည်တာဝန် ထမ်းဆောင်ခဲ့သူ စံတော်ချိန် သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က အစိုးရပိုင်းတွင် ပုဂ္ဂလိက မီဒီယာများကို နှိပ်ကွပ်ချင်သည့် သဘောရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

"အစိုးရပိုင်းက ပုဂ္ဂလိက မီဒီယာတွေကို နှိပ်ကွပ်ချင်တဲ့ သဘောထားကတော့ ရှိနေတုန်းပဲ။ ပုဂ္ဂလိက သတင်းစာတွေကို သူတို့မယုံကြည်ဘူး။ အပေါ်ယံပိုင်းမှာ စတုထ္ထ မဏ္ဍိုင်လို့ ပြောနေပေမယ့် သူတို့ရဲ့ အတွင်းစိတ်မှာ မယုံကြည်ဘူး။ အဲတာကြောင့် သူတို့ရဲ့ ပလက်ဖောင်းကို ပိုပြီးခိုင်မာအောင် လုပ်လာတယ်။ သူတို့ပြောချင်တာတွေကို သူတို့ သတင်းစာကပဲ ပြောမယ်ဆိုပြီး ပြင်ဆင်လာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစိုးရ သတင်းစာမှာ လုပ်ခဲ့ဖူးတာပဲ။ သူတို့မှာ နှစ်ပေါင်း ၅၀ လောက် အရိုးစွဲနေတာတွေ ဖောက်ထွက်မရနိုင်တာတွေ ရှိတယ်။ ရေရှည်မှာတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကပဲ အဆုံးအဖြတ် ပေးမှာပါ" ဟု ဦးရဲကျော်ခေါင်က ပြောပါသည်။

"သတင်းအချက်အလက်တွေ အားလုံးကတော့ တူတူပဲ ရှိကြမှာပါ။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုအပေါ် ဘယ်လိုသုံးသပ်တယ်။ ကောက်ချက်ချတယ်ဆိုတာ ကျွန်တော်တို့က သိချင်တာ။ ကျွန်တော်တို့ သိချင်တာတွေ များများဖော်ပြနိုင်ရင်၊ အဲဒီပေါ်လစီတွေက ပြည်သူအတွက် တကယ်အကျိုးရှိရင် သတင်းစာတွေ ရပ်တည်နိုင်မှာပါ။ အစိုးရ သတင်းစာတွေလည်းက သူတို့ရဲ့ သတင်းတင်ဆက်မှုတွေ၊ အရေးအသားတေ ပြောင်းလဲမယ်လို့ ထင်ပါတယ်။ အခုပေါ်လစီအတိုင်း သွားလို့ကတော့ ကျရှုံးသွားမှာပါ" ဟု မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါသည်။

"ပုဂ္ဂလိက သတင်းစာတွေကတော့ ပိုပြီးလွတ်လပ်တယ်။ မှန်ကန်မျှတတဲ့ သတင်းတွေကို တင်ပြနိုင်တယ်။ ပြည်သူသိချင်တဲ့ အမှန်တရားကို ဖော်ပြနိုင်တယ်။ ဒီအချက်တွေကြောင့် ပုဂ္ဂလိက သတင်းစာတွေ အခိုက်အတန့်အားဖြင့် အစိုးရ သတင်းစာတွေရဲ့ အသာစီးရယူမှုကို ခံထားရပေမဲ့ တစ်ချိန်မှာတော့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးဇော်သက်ထွေးက ပြောကြားပါသည်။

Eleven

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...