အမေရိကန်သမ္မတ အိုဘားမားက စစ်သွေးကြွတို့၏ အန္တရာယ်မှ ကာကွယ်ရန်
တရားသောစစ်ပွဲတွင် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုခြင်း ဖြစ်ကြောင်း မေ
၂၃ ရက်က ကာကွယ်ပြောကြားခဲ့သည်။
အမျိုးသားကာကွယ်ရေး တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့သော အိုဘားမားက
အမေရိကန်သည် လမ်းဆုံလမ်းခွတစ်ခုတွင် ရောက်ရှိနေပြီဖြစ်ကြောင်း
ပြည်တွင်းအစွန်းရောက် သမားများနှင့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို
ရင်ဆိုင်ရန် စက်တင်ဘာ ၁၁ နောက်ပိုင်း ချမှတ်ခဲ့သည့် အကြမ်းဖက် တန်ပြန်ရေး
မူဝါဒများမှ ပြောင်းလဲရတော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတအိုဘားမားက အကြမ်းဖက်စစ်ပွဲကို ကာလကြာရှည်စွာ
ဆင်နွှဲခြင်းသည် ကျဆုံးမှုကို
ဖြစ်စေမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုမှု
နည်းဗျူဟာကို ဝေဖန်မှုများ ရှိနေသော်လည်း အိုဘားမားက မောင်းသူမဲ့လေယာဉ်များ
အသုံးပြုမှုအတွက် လမ်းညွှန်ချက်များ ဆိုင်ရာ မူဝါဒတစ်ရပ်ကို
လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်တောင်ပိုင်း ကန်ဒါဟာလေတပ်စခန်းတွင် ပျံသန်းနေသော မောင်းသူမဲ့ လေယာဉ်တစ်စင်း (Photo: AFP)
ယင်းလမ်းညွှန်ချက်များတွင် စိုးရိမ်ရသော တိုက်ခိုက်မှုများကို ကာကွယ်ရန်
အတွက်သာ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကို အသုံးပြုနိုင်ကြောင်း
တရားခံဟု သံသယရှိသူကို ဖမ်းဆီးရန် မဖြစ်နိုင်သည့် အခြေအနေနှင့် အရပ်သားများ
သေဆုံးမှု မရှိနိုင်သလောက် သေချာသည့် အခြေအနေ မျိုးတွင်သာ
မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကို အသုံးပြုရမည်ဟု လမ်းညွှန်ထားကြောင်း
သိရသည်။ ထို့ပြင် ယင်းလမ်းညွှန်ချက်များသည် ပြည်ပ အကြမ်းဖက် အုပ်စုများနှင့်
ဆက်နွှယ်နေသည့် အမေရိကန်နိုင်ငံသားများကို တိုက်ခိုက်ရန် အတွက်လည်း
အသုံးပြုနိုင်ကြောင်း လမ်းညွှန်ထားသည်။ ၂၀၁၁ ခုနှစ်က ယီမင်တွင် ယီမင်ဖွား
အမေရိကန်နိုင်ငံသား ဘာသာရေး အစွန်းရောက် အန်ဝါအယ်လ်အော်လာကီနှင့်
အခြားအမေရိကန်နိုင်ငံသား သုံးဦးကို မောင်းသူမဲ့လေယာဉ်ဖြင့်
တိုက်ခိုက်ခဲ့မှုကို အမေရိကန် အစိုးရအဖွဲ့က ပထမဆုံးအကြိမ် ၀န်ခံခဲ့သည်။
မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ရန် အမိန့်ပေးခဲ့မှုတွင် အရပ်သားများ
သေဆုံးမှုများကြောင့် ဘ၀တစ်လျောက်လုံး ခြောက်လှန့်ခံနေရမည် ဖြစ်ကြောင်း၊
သို့သော်လည်း အမေရိကန်တို့ အန္တရာယ်ကြုံတွေ့ ရချိန်တွင် ထိုသို့
တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ကြောင်း သမ္မတအိုဘားမားက
ပြောကြားခဲ့သည်။ ထို့ပြင် အိုဘားမားက ကျူးဘားရှိ ဂွါတာနာမို အကျဉ်းစခန်း
ပိတ်ပင်ရေးကိုလည်း ထပ်မံကြိုးပမ်းခဲ့ပြီး အကြမ်းဖက်သမားဟု သံသယရှိသူများကို
ယီမင်သို့ လွှဲပြောင်းပေးရေး သဘောတူညီချက် တစ်ရပ်ကို ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ ဂွါတာနာမို အကျဉ်းစခန်း ပိတ်ပင်ရေးသည်
ထိပ်တန်း ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း သမ္မတ ပထမသက်တမ်း အစမှာပင်
အိုဘားမားက ကတိပေးခဲ့ဖူးသည်။ သို့သော်လည်း ကွန်ဂရက်တွင် ပြင်းပြင်းထန်ထန်
ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
Ref: AFP