ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ပြည်ထောင်စုအဆင့် အနေဖြင့် ဆွဲ၊
တင်၊ စစ် လူဦးရေစာရင်း ကောက်ခံရာတွင် ရန်ရှာတိုက်ခိုက်မှုများ ဖြစ်အောင်
နောက်ကွယ်က ကြိုးကိုင်ခဲ့သူများဟု သံသယရှိသူများကို တရားစွဲဆိုခဲ့ပြီးနောက်
မေ ၂၃ ရက်တွင် ပထမဆုံးအကြိမ် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်က ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံရာတွင် နှောင့်ယှက်မှုများ
ဖြစ်ပွားခဲ့ရာ စာရင်းကောက်ယူခြင်းအား ရပ်တန့်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ
ရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်ပြီး တရားစွဲဆို
ခံထားရသူများအနက် ခုနစ်ဦးကိုသာ ဖမ်းဆီးနိုင်သေးပြီး ထွက်ပြေး
တိမ်းရှောင်နေသူ ၂၄ ဦးရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ မဆော်လေဇာ(၃၅) နှစ်၊ (ဘ)နုရ်မာလာကိန်း၊
ဆာလေအာမတ်(ခ) စံလင်း(၅၃)နှစ်၊ (ဘ)ဇော်လာအာမတ်၊ မာမောက်ချော်ဘီ(ခ)
ကျော်မြင့်(၅၈)နှစ်၊ (ဘ)ဆုလ်တန်အာမတ်၊ အာလီအာမတ်(ခ) ဘသာ(၆၁)နှစ်၊
(ဘ)အဒူဂေါ်ဖူးလ်၊ ဆီဆု(ခ) လှမြင့်(၂၈)နှစ်၊ (ဘ)ကျော်မြင့်၊
မာမောက်ဟာရှိန်း(၂၅)နှစ်၊ (ဘ)ဟာဘီဟူးဆောင်း၊
ရှောဘီရာမန်(ခ)ကျော်ခင်(၄၀)နှစ်၊ (ဘ) ရော်ရှိတာမောက် တို့ဖြစ်ပြီး
ခုနစ်ဦးစလုံးမှာ သက္ကယ်ပြင် ကျေးရွာသားများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခုနစ်ဦးအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ(ပ)၉၉/၂၀၁၃ အရ
ပြစ်မှုပုဒ်မ ၁၄၈/၃၃၂/၃၉၅/၅၀၆/၃၃၃/၁၁၄ တို့ဖြင့် တရားစွဲဆိုထားပြီး
အမှုစစ်အဖြစ် မင်းဂံရဲစခန်းမှ ဒုရဲအုပ်အေးကျော်က ဆောင်ရွက်ကာ တရားလိုမှာ လ၀က
ဦးစီးမှူး ဦးရန်အောင်မြင့် ဖြစ်ကြောင်းနှင့် တရားလိုသက်သေ ၁၈ ဦးတို့
ပါဝင်ကြောင်းလည်း သိရသည်။
ထိုသို့ တရားစွဲဆို ခံထားရသူများ အနေဖြင့် ရှေ့နေငှားရမ်းခွင့်ကိုလည်း ရရှိထားကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး စွဲဆိုခံရသူဘက်မှ ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့်က
''ဒီအမှုမှာ ကျွန်တော်နည်းနည်း စိုးရိမ်စိတ် ဖြစ်နေတယ်။ ဒေါ်စုအမှုတုန်းကတောင်
မစိုးရိမ်ခဲ့ဘဲ ဒီအမှုကျတော့ စိုးရိမ်မိတာလည်း ရှိတယ်။ အမှုအသွားအလာအရ
ပြောရရင် စွဲချက်ထဲမှာ ပါတာနဲ့ဆို ဥပဒေနဲ့ မညီတာတွေလည်း တွေ့ရတယ်။
ဇွန်လကုန်လောက်မှ ထပ်ပြီး စစ်ဆေးလိမ့်မယ်။ ခရိုင်တရားရုံးမှာ အမှုကို
စစ်မှာဖြစ်တယ်။ တရားသူကြီးကတော့ ဒေါ်အေးသိန်းပါ။ ပြစ်မှုကြီး အမှတ်က ၃၆၊
တရားခံပြေးတွေကို စစ်ပြီးမှ မူလအမှုကို စစစ်မယ်။ အခုက ရဲစွဲချက်သာ ရှိသေးတယ်
တရားရုံးစွဲချက်က မထွက်သေးဘူး။ တရားရုံး စွဲချက်ကျမှ တစ်ယောက်ချင်းစီကို
စွဲတဲ့ စွဲချက်တွေ ထွက်လာမှာပါ။ သူတို့တွေ ကျန်းမာရေးကောင်းတာတော့
တွေ့ရတယ်'' ဟု ဆိုသည်။
မူလတရားစွဲဆိုခံရသူ ငါးဦးအတွက်သာ ရှေ့နေလိုက်ပေးရန် လာခဲ့ခြင်း
ဖြစ်သော်လည်း ယခုအခါတွင် ခုနစ်ယောက်အတွက် လိုက်ပေးမည် ဖြစ်ကြောင်းလည်း
သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား စာရင်းကောက်ခြင်းအား
ရပ်နားထားရပြီး ဆက်လက်စစ်ဆေးမည့် အချိန်ကို မသိသေးကြောင်းလည်း ပြည်နယ်
အစိုးရအဖွဲမှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်မကော်မတီ
အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ တိမ်းရှောင် နေသူများကိုလည်း
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။