အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်

အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ စနေနေ့မှာ ရောက်ရှိခဲ့တဲ့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက် မဆိုက်မှာပဲ မြန်မာလူမျိုးတွေ
အမိမြေကို ပြန်လာပြီး တိုင်းပြည် တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့
တိုက်တွန်းလိုက် ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာရှိတဲ့
မြန်မာ သံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက
လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန် က
မိန့်ခွန်းပြောခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့
မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက် မြန်မာလူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင်
မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့်
ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ
သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့
ဝန်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ်ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။
"နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကိုလာခဲ့တယ်၊
အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့
တိုးတက်မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင်
ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ
ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ
ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက
ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို
ပိုပြီးတော့ ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့
ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့် ဖြေလျော့ နောက်ဆုံးမှာ
ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"
မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့် တက်ရောက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ
လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို
ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။
"မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့
တောင်းဆိုနေတာဖြစ်ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့
ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိုးကို ကျနော်တို့တောင်းဆို
နေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး"
မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊
ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု
အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာ သံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
RFA
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်