မြန်မာနိုင်ငံတွင်
လတ်တလော တည်ရှိနေသော ဥပဒေများကြောင့် စတော့အိတ်ချိန်း ဈေးကွက်တွင်
ပြည်ပကုမ္ပဏီများ ပါဝင်ရန် ခက်ခဲနေသည်ဟု Myanmar Securities Exchange Centre
Co., Ltd မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးသိန်းက သုံးသပ်ပြောကြားသည်။"စတော့အိတ်ချိန်းဈေးကွက် ပေါ်ကာစမှာတော့ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့
ဥပဒေများနဲ့ စည်းမျဉ်းများကြောင့် နိုင်ငံခြားက ကုမ္ပဏီတွေ
ပါဝင်လုပ်ကိုင်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ၁၉၁၄ ခုနှစ် ကုမ္ပဏီများ အက်ဥပဒေက
နိုင်ငံခြား ကုမ္ပဏီတွေ ပါဝင်မှုကို ကန့်သတ်ထားတာတွေ ရှိနေပါတယ်။ Securities
Exchange Law (SE Law) ပေါ်လာရင်တော့ နိုင်ငံခြား ကုမ္ပဏီတွေ ပါဝင်မှုအပေါ်
ကန့်သတ်ချက်တွေ မရှိတော့ဘူး ထင်ပါတယ်" ဟု ၎င်းက ဥပဒေကြောင်း ဆိုင်ရာများနှင့်
ပတ်သက်၍ သုံးသပ်ပြော ကြားသည်။
အဆိုပါ ကုမ္ပဏီများ အက်ဥပဒေကို ၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ခေတ်စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အနည်းငယ်ပြုပြင်ရန် လိုအပ်နေသည်ဟု ဦးစိုးသိန်းက ပြောကြားခဲ့သည်။
အဆိုပါ စတော့အိတ်ချိန်းဈေးကွက် ရေရှည်တိုးတက်စေရန်မှာ နိုင်ငံခြား ကုမ္ပဏီများ ပါဝင်လုပ်ကိုင်ရန် လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်း ဈေးကွက် အလားအလာနှင့် ပတ်သက်၍ အစောပိုင်းတွင် ကုမ္ပဏီကြီးများသာ ပါဝင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အသေးစားနှင့် အလတ်စား ကုမ္ပဏီများကိုပါ ခွင့်ပြုသွားမည်ဟု ဆိုသည်။
"စတော့အိတ်ချိန်းမှာ ၀င်ရောက်နိုင်ဖို့ စံနှုန်းတစ်ခုက အဲဒီကုမ္ပဏီဟာ နှစ်နှစ်ဆက်တိုက် အမြတ်အစွန်းရှိတဲ့ ကုမ္ပဏီ ဖြစ်ရပါမယ်။ ဒီတော့ ကုမ္ပဏီအသစ်တွေက စာရင်း မ၀င်နိုင်ပါဘူး။ ဒါပေမဲ့ အုပ်ချုပ်မှု ပုံစံကောင်းရှိတဲ့ ကုမ္ပဏီ အသစ်တွေကိုတော့ အိတ်ချိန်းဈေးကွက်မှာ စာရင်းသွင်းနိုင်ဖို့ အထူးစဉ်းစားပေးမှာ ဖြစ်ပါတယ်။ မြန်မာ စတော့အိတ်ချိန်း ဈေးကွက်အတွက် ကျွန်တော်တို့ ရည်မှန်းချက်က ယုံကြည်မှု တည်ဆောက်ပေးနိုင်ဖို့ ပါပဲ" ဟု မြန်မာစတော့အိတ်ချိန်း ဈေးကွက်အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်နေသည့် Daiwa Securities Group မှ ဒါရိုက်တာဖြစ်သူ မစ္စတာရှင်ဆုကဲဂိုတိုက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် Stock Exchange ဈေးကွက် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်နိုင်ရန် ဂျပန်နိုင်ငံက နည်းပညာ အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
EMG