အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

ပညာ ယူရ မှာလား ဝေးဝေးက ရှောင်ရ မှာလား

တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း မိသားစုနှင့်အတူ ရုပ်ရှင်၊ ဗီဒီယို ကြည့်ခြင်းဖြင့် အနားယူ အပန်း ဖြေလေ့ ရှိပါသည်။ အဘွားက ကိုရီးယား ဇာတ်လမ်းတွဲ များကို မနားတမ်း ကြည့်၏။ အမေ ကတော့
အိန္ဒိယ ဇာတ်လမ်းတွဲ များကို မနားတမ်း ကြည့်၏။ ဇနီးဖြစ်သူ ကမူ တရုတ် ဇာတ်လမ်းတွဲ များကို အားပေးသူ ဖြစ်သည်။သမီး နှစ်ယောက်က အကြိုက်ချင်း တူသည် ပြောရမလား။ မြန်မာ ဇာတ်ကား များကို နှစ်သက် ကြသည်။ အဖေနှင့် ကျွန်တော်တို့ နှစ်ယောက်က ပုံသေ မရှိဘဲ ကြုံရာ ကြည့်ကြ၏။ သို့သော် ဘောလုံးပွဲနေ့ ဆိုလျှင်တော့ ဇာတ်လမ်း များကို မကြည့်ဖြစ် ကြပေ။
သဘော တူညီမှု တစ်ခု ထားရသည်။ တနင်္ဂနွေ နေ့တိုင်း ရုပ်မြင် သံကြားမှ လာသော ရုပ်ရှင် ကိုပဲ ကြည့်ရမည်။ ရုပ်ရှင် မလာမီနှင့် လာပြီး နောက်ပိုင်း ဇာတ်လမ်းတွဲ များကိုမူ အလှည့်ကျ ကြည့်နိုင်သည်။

ထိုနေ့က ရုပ်မြင် သံကြားမှ ထုတ် လွှင့်သော တနင်္ဂနွေ ရုပ်ရှင်သည် မှတ်မှတ်ရရ ''ဘယ်ရပ် ဌာနေ'' ဟူသော ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်ပါသည်။ အဘွားက ပါဝါ မျက်မှန် ထူထူ ကြီးကို အားပြုရင်း ငြိမ်ငြိမ် သက်သက် ကြည့်နေ၏။ အမေ ကတော့ သူတို့ ခေတ်က မင်းသမီးကြီးများ ပါနေ၍ မျက်တောင်ပင် ခတ်ပါလေစဟု ကြည့်ရင်း တွေးမိသည်။ ဇနီးသည် ကလည်း ငယ်ငယ်က အသည်းစွဲ ကြိုက်ခဲ့ရသော မင်းသမီးကြီး များကို ချီးမွမ်းခန်း ဖွင့်ရင်း ကြည့်နေသည်။ သမီး နှစ်ယောက် ကလည်း သူတို့ အချစ်တော် မင်းသား၊ မင်းသမီးများ ဖြစ်နေ၍ ပျော်ရွှင် မဆုံး ဖြစ်နေကြသည်။ အဖေနှင့် ကျွန်တော် ကတော့ မင်းသား၊ မင်းသမီး အစွဲမရှိဘဲ ဇာတ်လမ်း၏ အနှစ် သာရ ကိုပဲ ကြည့်တတ် ကြ၏။

ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်၍ သရုပ်ဆောင် ရွေးချယ်မှု အပိုင်း မှာရော ဇာတ်လမ်း တည်ဆောက်မှု အပိုင်းပါ ကောင်းမွန်မှု ရှိပါသည်။ ချမ်းသာ ကြွယ်ဝသော လူကုံထံ အိမ်ကြီး၌ အိမ်ဖော် လုပ်ရသော အမျိုး သမီးကြီးက သူ့ကို စွန့်ပစ် ခိုင်းသော ကလေး ငယ်အား မစွန့်ပစ်ဘဲ တိတ်တိတ် မွေးစား ထားရာမှ သားအမိ အရင်းကဲ့သို့ သံယောဇဉ်ဖွဲ့ မေတ္တာ ရှိကြပုံကို ဇာတ်လမ်းဆင် ထားခြင်း ဖြစ်ပါသည်။

ဇာတ်လမ်းထဲမှ ပညာယူ စရာများကို သမီး နှစ်ယောက်အား ပြောပြ နေမိသည်။သား သမီးနှင့် မိဘ မေတ္တာဘွဲ့ ဇာတ်လမ်း ဖြစ်၍ ကြည့်ရတာ တန်ဖိုး ရှိလှပါသည်။ အဘွားက မြေးမလေး နှစ်ယောက်အား ဇာတ်ကား ထဲမှ အတုယူ ဖွယ်ရာ များကို ပြောပြ နေပါသည်။ ဇာတ်လမ်းကို ပညာ ယူရသလို သရုပ်ဆောင် များ၏ ဝတ်စား ဆင်ယင်မှု ပုံစံများ ကလည်း ခေတ်စနစ်ကို မီးမောင်း ထိုးလျက် ရှိပါသည်။ဒေါ်ဆွေဇင်ထိုက်၊ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါ်စန်းစန်းအေး တို့၏ မြန်မာ အမျိုးသမီး ပီသစွာ ဝတ်စား ဆင်ယင်ပုံ များကို သမီး နှစ်ယောက်အား အတု ယူစရာ အဖြစ် ပြောပြ နေမိသည်။ အဓိက ဇာတ်ဆောင် မင်းသမီး မို့မို့မြင့်အောင်၏ ဝတ်စား ဆင်ယင်ပုံ များကိုလည်း သမီးတို့က ချီးမွမ်း နှစ်ခြိုက် ကြသည်။ ထို့ အတွက် ကျွန်တော် ကျေနပ် ပီတိ ဖြစ်ရသည်။ ပညာပေးသော ဤ ရုပ်ရှင် ဇာတ်ကားကြီး လွှင့်ပေးခြင်း ကိုလည်း ဝမ်းမြောက် မိသည်။

ရုပ်ရှင် ဇာတ်ကားကြီး ပြီးသောအခါ ခဏ နားကြသည်။ အဘွားနှင့် အမေ တို့လည်း အိပ်ခန်းများ ဆီသို့ ဝင်သွား ကြသည်။ ဇနီးသည်က ညနေစာ အတွက် ချက်ပြုတ်ရန် ပြင်ဆင်သည်။ အဖေက စာကြည့်စားပွဲမှာ ထိုင်လိုက်သည်။ ကျွန်တော်လည်း အိပ်ယာထဲ၌ ခဏလှဲပြီး စာအုပ်ဖတ်ရန် ဧည့်ခန်းထဲမှ ထလာခဲ့သည်။သမီး နှစ်ယောက်က ထိုင်မြဲ ထိုင်နေ၍ မေးလိုက်ရာ အသစ် ထွက်သော သီချင်းခွေ ဖွင့်ကြည့် ရန်ဟု အကြောင်း ပြကာ ကျန်ခဲ့ ကြ၏။

နာရီဝက်ခန့် ကြာသွားသော အခါ မျက်စိ ညောင်း၍ စာအုပ်ကို ခဏ ပိတ်လိုက်သည်။ ဖွင့်ထားသော သီချင်း သံက ကျယ်လောင်စွာ ထွက်ပေါ် နေ၍ အသံတိုးခိုင်းရန် သမီးတို့ အနီးသို့ လျှောက် လာစဉ် သမီးနှစ် ယောက်က သီချင်း စာသား များကိုအော်ပြီး လိုက်ဆို နေကြသည်။ သူတို့ နောက်တွင် အဖေ တစ်ယောက်လုံး ရောက်နေတာ ကိုပင် သတိ မထားမိ ကြပေ။

တီဗွီ ဖန်သားပြင်ကို အမှတ် တမဲ့ ကြည့်လိုက်သည်။ သေချာစွာ ကြည့်ရင်း သီချင်းသံကို ဂရုစိုက် နားထောင် ကြည့်လိုက်တော့ မြန်မာလို ဆိုနေခြင်း ဖြစ်ကြောင်း သိရ၏။ ကျွန်တော် အတော် တုန်လှုပ် သွားသည်။ သီချင်းကို သရုပ် ဖော်နေသော ဇာတ်ဝင်ခန်း များမှာ အရွယ် မရောက်သေးသော သမီး နှစ်ယောက် လုံးဝ မကြည့် သင့်သော အပြု အမူများ ဖြစ်နေသည်။ သမီးများ အတွက် အရမ်း စိုးရိမ် သွားပြီး ရုတ်တရက် ကျွန်တော် အော်ငေါက် လိုက်မိသည်။ ကျွန်တော့် ဆီမှ အော်ငေါက်သံ ကြားလိုက် ရ၍ သမီးနှစ် ယောက်လုံး ထိတ်လန့် စွာဖြင့် အိပ်ခန်း ထဲသို့ ပြေးဝင် သွားကြသည်။

တီဗွီ ဖန်သား ပြင်မှ ဇာတ်ဝင်ခန်းကို PAUSE လုပ်လိုက်သည်။ ထို့နောက် ဇနီးသည်အား လှမ်းခေါ်ရာ အပြေး ထွက်လာသည်။ မေးငေါ့ ပြလိုက်ရာ တီဗွီ ဖန်သား ပြင်ကို ကြည့်လိုက်စဉ် ဇနီး သည်လည်း ချက်ချင်း မျက်နှာ လွှဲသွားသည်။

အောက်စက် ထဲမှ အခွေကို ထုတ်ကာ အမှိုက်ပုံး ထဲသို့ ထည့်လိုက်သည်။ လင်မယား နှစ်ယောက် တီးတိုး တိုင်ပင် ကြရသည်။ နောင်ဆိုလျှင် သမီးတို့ ဝယ်လာသော သီချင်းခွေ၊ ဇာတ်လမ်းခွေ များကို စစ်ဆေး ရပါ တော့မည်။ ကျွန်တော့် သမီး လေးတွေမှာ ကိုးတန်း ကျောင်းသူ လေးများသာ ရှိပါသေးသည်။ အတုယူ မှားပြီး ပညာရေးကို စိတ် မဝင် စားဘဲ ချစ်ရေး ချစ်ရာ ကိစ္စ၊ အိမ်ထောင် ပြုချင်သော စိတ်များ ဝင်လာ ပါက ရင်ကျိုး ရပါ လိမ့်မည်။

ဇနီးသည်၏ ပြောစကား အရ မြန်မာ ဗီဒီယို ဇာတ်ကား တစ်ကားကို ကြည့်နေစဉ် မဟုတ် မဟတ် အခန်းများ ပါလာ၍ ဆက် မကြည့်ရဲ တော့ဘဲ လွှင့်ပစ် လိုက်ရကြောင်း သိရသည်။ ယနေ့မှ စပြီး တစ်အိမ်သား လုံးကို သတိပေး ထားရ ပါသည်။ ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ စရိုက်နှင့် မသင့်လျော်သော မြန်မာ ဇာတ်ကား များကို မဝယ်မိ၊ မကြည့်မိရန် ဂရုစိုက် ရပါ တော့မည်။ ကိုယ့် ယဉ်ကျေး မှုကို ချစ်မြတ်နိုး တတ်သော နိုင်ငံသား တစ်ဦး အနေနဲ့ ယနေ့ခေတ် အမြင် မတင့်တယ်သော ဇာတ်ဝင်ခန်း များနှင့် ပတ်သက်ပြီး မေးခွန်းလေး တစ်ခုလောက် မေးခွင့် ရလျှင် မေးချင် ပါသည်။

ရုပ်ရှင်နှင့် ဗီဒီယိုကို တစိုက် မတ်မတ် အားပေး နေကြသော ကြည့်ရှုသူ ပရိသတ် များက အနု ပညာသည်များ ဆီကနေ ပညာ ယူရ မှာလား... ဝေးဝေးက ရှောင်ရ မှာလား ဆိုတဲ့ မေး ခွန်း လေးပဲ ဖြစ်ပါသည်။ ။

ဝမ်းထက်မိုး(ဇိန့်-အောင်လံ)
မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...