၂၀၁၂-၁၃ ပရီးမီးယားလိဂ် ဘောလုံး ရာသီရဲ့ အိုးထရက်ဖို့ဒ် နောက်ဆုံး
ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆွမ်ဆီးအသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲဟာ ဒီနှစ် ဘောလုံးရာသီရဲ့ အိုးထရက်ဖို့ဒ်
နောက်ဆုံးပွဲ ဖြစ်သလို ဆာအဲလက်စ် ဖာဂူဆန်နှင့် ဝါရင့် ကစားသမား
ပေါလ်စခိုးတို့အတွက်လည်း နောက်ဆုံး အိုးထရက်ဖို့ဒ် ပွဲစဉ် ဖြစ်နေပါတယ်။
ချန်ပီယံ ဖြစ်ပြီးသား ဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီပွဲအပြီးမှာ ဆုဖလား ပေးအပ်ပွဲ
ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲမစခင်မှာ နှစ်ဖက်အသင်း တာဝန်ရှိသူများ၊
ကစားသမားက အရင်ထွက်လာပြီး နောက်မှ ဥမင် လိုဏ်ခေါင်းထဲကနေ ထွက်လာတဲ့
ဆာအဲလက်စ် ဖာဂူဆန်ကို လက်ခုပ်တီးပြီး ကြိုဆိုကြတဲ့ မြင်ကွင်းကတော့
မန်ယူနိုက်တက် ပရိသတ်များအဖို့ ဝမ်းသာ ဝမ်းနည်း ဖြစ်ကြရမယ့် မြင်ကွင်းပါပဲ။
တစ်ဆက်တည်းမှာပဲ ဆာအဲလက်စ်က ယူနိုက်တက် ပရိသတ်တွေကို အမှတ်တရ
လက်မှတ်ရေးထိုးပြီးတော့ မေတ္တာတုန့်ပြန်ခဲ့ပါတယ်။
ဒီနေ့ ကစားမယ့် ပွဲမှာယူနိုက်တက်အသင်းအတွက် ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ ဖီးလ်ဂျုန်း၊ ဖာဒီနန်၊ ဗီဒစ်နှင့် အီဗရာတို့ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာတော့ အနားယူတော့မယ့် ဝါရင့် ကစားသမားကြီး ပေါလ်စခိုး၊ ကာရစ်၊ ကာဂါဝါနှင့် ဝဲလ်ဘတ်တို့ ပွဲထွက်လာပြီး ဗန်ပါစီနှင် ချီချာရီတို တို့ တိုက်စစ်မှာ ဦးဆောင် ကစားကြမှာ ဖြစ်ပါတယ်။ အသင်းမှ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ရူနီ တစ်ယောက် အရံလူစာရင်းမှာတောင် ပါဝင်လာခြင်း မရှိခဲ့ပါဘူး။
ဧည့်သည် ဆွမ်ဆီးအသင်းမှာတော့ ဂိုးးသမား ထရန်မဲ၊ နောက်တန်းမှာ တီယန်ဒယ်လီ၊ ချီချို၊ ဝီလီယံနှင့် တေလာတို့ ပါဝင်လာပါတယ်။ ကွင်းလယ်မှာ ဂတ်ဇ်မန်း၊ ဘရိုက်တန်၊ ဒိုင်ယာ၊ ရုဒ်တယ်ဂီတို့ ပါဝင်လာပြီး တိုက်စစ်မှာတော့ ပါတ်ဘလို ဟာနန်ဒက်နှင့် မီချူးတို့ ပွဲထွက်လာပါတယ်။
ချန်ပီယံ ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ အနိုင်ရဖို့ စိတ်အားတက်ကြွနေပုံ ရပြီး ပွဲအစ ၃ မိနစ်မှာပဲ ဂိုးရလုနီးပါး အနေအထား ဖြစ်ခဲ့ပါသေးတယ်။ ဆက်ဆိုက် ဆိုသလိုပဲ ၄ မိနစ်မှာ ချီချာရီတို တစ်ယောက် အကောင်းဆုံး အခွင့်အရေး တစ်ခု ရခဲ့ပါတယ်။ ဗန်ပါစီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ချီချာရီတို အပိုင် ကန်သွင်းရာမှာ ထရန်မဲ မကာကွယ်လိုက်နိုင်ပေမယ့် ဂိုးဘားတန်းကို ထိပြီး စည်းအပြင်ဖက်ကို ပြန်ကျလာတဲ့အတွက် ယူနိုက်တက်အတွက် အောင်ပွဲခံဖို့ အခွင့်အရေးတစ်ခု လက်လွတ်ခဲ့ရပါတယ်။
၁၄ မိနစ်မှာလည်း ချီချာရီတို တစ်ယောက် ဂိုးသွင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ကာဂါဝါ မတင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက် ဂိုးသွင်းဖိုက ကြိုးစားခဲ့ပေမယ့် ဆွမ်ဆီး နောက်ခံလူ ဝီလီယံနှင့် ထိပြီး ကော်နာဘောသာ ဖြစ်ခဲ့ပါတယ်။ ၂၁ မိနစ်မှာ အီဗရာရဲ့ ကန်သွင်းချက်ကလည်း ဂိုးပေါက်တည့်ပေမယ့် ဂိုးသမား ထရန်မဲ နေရာယူမှန်နေတဲ့အတွက် အေးဆေးသက်သာပဲ ဖမ်းယူနိုင်ခဲ့ပါတယ်။ မိနစ် ၂၀ ကျော်လာသည်အထိ ဆွမ်ဆီး အသင်းအနေနှင့် မန်ယူအသင်းဖက်ကို ကောင်းကောင်း မခြိမ်းခြောက်နိုင်ခဲ့ပဲ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့သေးပါဘူး။
၂၄ မိနစ်မှာ ဟာနန်ဒက်ဇ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဝါရင့်ကစားသမား ပေါလ်စခိုး ကန်သွင်းခဲ့ပေမယ့် ကန်ချက်က ပျော့နေတော့ ထရန်မဲအတွက် အခက်အခဲ မရှိကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ ပေါလ်စခိုးဟာ အိုးထရက်ဖို့မှာ ၅၉ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် ကစားသမား ဖြစ်ပြီး သူ့ထက် အိုးထရက်ဖို့ သွင်းဂိုးများသည့် ကစားသမား တစ်ယောက်တည်းသာ ရှိပြီး ဝိန်းရူနီ ၇၈ ဂိုးဖြစ်ပါတယ်။
၃၄ မိနစ်မှာ ဗန်ပါစီ မတင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ် မြေမကျဘော ကန်သွင်းပေမယ့် ဂိုးဘားတန်းကို ကျော်လွန်သွားခဲ့ပြီး အရာမထင် ဖြစ်ခဲ့ရပါတယ်။ ဒီနေ့ မန်ယူ ကစားသမားများဟာ အနိုင်ရရှိရေးအတွက် ကြိုးစားနေကြပုံ ရှိပေမယ့် ဆွမ်ဆီး နောက်တန်းကစားသမားများကို မကျော်လွန်နိုင်ခဲ့ပဲ ဂိုးသမား ထရန်မဲကို ရင်ခုန်အောင် လုပ်နိုင်ခဲ့ခြင်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် ၃၈ မိနစ်မှာတော့ ထရန်မဲ တစ်ယောက် ဟာနန်ဒက်ဇ်ရဲ့ ကြိုးစားမှုတစ်ခုကို မကာကွယ်လိုက်နိုင်တော့ပါဘူး။ ဗန်ပါစီ ဖြတ်တင်ပေးလိုက်တဲ့ ပြစ်ဒါဏ်ဘောကို ဆွမ်ဆီး နောက်ခံလူ ဖြတ်ထုတ်ရာမှာ မသပ်ရပ်တဲ့အတွက် ဟာနန်ဒက်ဇ်ရှေ့ကို ကျသွားခဲ့ရာမှာ ဟာနန်ဒက်ဇ်က အပိုင် ကန်သွင်းလိုက်တဲ့အတွက် သရဲနီ အသင်းအတွက် အဖွင့်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပွဲထွက် ကစားသမားအဖြစ် ၈ ပွဲ ကစားခဲ့ရရာမှာ ၅ ဂိုး သွင်းယူပေးနိုင်လိုက်တာ ဖြစ်ပါတယ်။
တစ်ဂိုး ရသွားတဲ့ ယူနိုက်တက်ဟာ တိုက်စစ်အား ကျမသွားပဲ ၄၁ မိနစ်မှာ ဗန်ပါစီရဲ့ အပြင်းကန်သွင်းချက် တစ်ခုကို ထရန်မဲတစ်ယောက် ပုတ်ထုတ် ကာကွယ်လိုက်ရပါသေးတယ်။ ဒီလိုနဲ့ပဲ ပထမပိုင်း ပြီးဆုံးသွားခဲ့ပြီး ယူနိုက်တက်အသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့ ဆွမ်ဆီး အသင်းဟာ တိုက်စစ်ပိုင်းမှာ အတော်ညံ့ဖျင်းခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးပေါက် ကန်သွင်းမှု ၂ ကြိမ်သာ ရှိခဲ့ပြီး တစ်ကြိမ်မှ ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း အစမှာတော့ ဆွမ်ဆီး အသင်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပြီး မန်ယူအသင်းဖက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဆက်တိုက် ခြိမ်းခြောက်နေရာကနေ ၄၈ မိနစ်မှာတော့ တိုက်စစ်မှူး မီချူးဟာ ဆွမ်ဆီးအသင်းအတွက် ချေပဂိုး တစ်ဂိုးသွင်းယူလိုက်နိုင်ပါတယ်။ ညာဖက်ခြမ်းကနေ နေသန် ဒိုင်ယာ မတင်ပေးလိုက်တဲ့ ဘောလုံးကို မီချူးက မြေမကျဘော ကန်သွင်းခဲ့တာပါ။ မီချူးရဲ့ အဆုံးသတ်သေချာမှု တစ်ခုပါပဲ။ မီချူးဟာ ပထမအကျော့တုန်းကလည်း ယူနိုက်တက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
ဆွမ်ဆီးအသင်းကပဲ ဆက်လက် ဖိအားပေးနေခဲ့ပြီး ၅၂ မိနစ်မှာ မီချူးရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ရုဒ်တယ်လ်ဂီ မြေလှိမ့်ဘော ကန်သွင်းရာမှာ လှပခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားတဲ့အတွက် ဆွမ်ဆီးအတွက် နစ်နာခဲ့ရပါတယ်။ ဒီဘောလုံးဟာ ဖာဒီနန်တစ်ယောက် ပြေးအား နှေးနေတဲ့အတွက် ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပထမပိုင်းနှင့် ခြားနားစွာပဲ ဆွမ်ဆီးအသင်းက ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ၆၁ မိနစ်မှာ ပါတ်ဘလို ဟာနန်ဒက်ဟာ ဖီးလ်ဂျုန်းကို လှည့်စားပြီး အပြင်းကန်သွင်းရာမှာ ဒီဂီအာ တစ်ယောက် အသည်းအသန် ကာကွယ်လိုက်ရပါတယ်။ ၆၂ မိနစ်မှာလည်း ချီချိုရဲက အနီးကပ် ကန်သွင်းမှုတွေကို ဖီးလ်ဂျုန်းနှင့် အီဗရာတို့ အလဲလဲ အကွဲကွဲ ကာကွယ်ခဲ့ရပါတယ်။
၆၃ မိနစ်မှာတော့ ယူနိုက်တက်က ပြန်လည် ထိုးဖောက်ခဲ့ပြီး ဝဲလ်ဘတ်ရဲ့ မြေလှိမ့်ဘော ဖြတ်တင်ဘောကို ဟာနန်ဒက်ဇ် အနီးကပ် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အနည်းငယ် နောက်ကျနေခဲ့တဲ့အတွက် အရာမထင် ဖြစ်ခဲ့ရပါတယ်။ ၆၅ မိနစ်မှာတော့ ညံ့ဖျင်းလာတဲ့ ကွင်းလယ်ကစားကွက်ကို ပြင်ဆင်ဖို့ ယူနိုက်တက်အသင်းဟာ ပေါလ်စခိုးနေရာမှာ အန်ဒါဆင်၊ ဝဲလ်ဘတ်နေရာမှာ ဗလင်စီယာတို့ လူစားဝင် ကစားလာပါတယ်။ ဆွမ်ဆီး အသင်းကလည်း တေလာအစား ဒါဗီးလ် ဝင်ရောက်ကစားခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်းက ပြန်လည် ဖိအားပေးတိုက်စစ်ဆင်လာနိုင်ခဲ့ပါတယ်။ ၆၈ မိနစ်မှာ အီဗရာရဲ့ ကြိုးစားမှုကနေ တစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အန်ဒါဆင် မြေမကျဘော ကန်သွင်းတာဟာ ကောင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားတဲ့အတွက် ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။
၇၃ မိနစ်မှာတော့ ဆွမ်ဆီး အသင်းဟာ မီချူးကို ထုတ်ပြီး ရင်ဂယ် ဝင်ရောက်လာပါတယ်။ ယူနိုက်တက်အသင်းကလည်း ချီချာရီတိုကို ထုတ်ပြီး ဝါရင့် ကစားသမား ရိုင်ယန်ဂစ် ဝင်ရောက်လာပါတယ်။ ဒီနေ့ ပွဲစဉ်ရဲ့ သွင်းဂိုးရှင် ၂ ယောက် လူစားလဲခံလိုက်ရတာ ဖြစ်ပါတယ်။
မိနစ် ၈၀ ရှိလာပြီ ဖြစ်ပေမယ့် တစ်ဖက် တစ်ဂိုးစီနဲ့ပဲ အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်နေကြပြီး ယူနိုက်တက်အသင်းက ဆက်လက် ဖိအားပေးနေပါတယ်။ ယူနိုက်တက်အသင်းဟာ ဖိအားပေးနေပေမယ့် ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပဲ ပထမပိုင်းက ဆွမ်ဆီးအသင်းနည်းတူ ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းဟာ တစ်ကြိမ်မှ ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့သေးတဲ့ အနေအထား ဖြစ်ပါတယ်။
၈၅ မိနစ်မှာ အန်ဒါဆင်ရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဗန်ပါစီကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် မကန်သွင်းနိုင်ခဲ့ပဲ နောက်ခံလူနှင့် ထိပြီး အပေါ်ထောင်သွားခဲ့ပါတယ်။ အဲဒီ ဘောလုံးကနေ တစ်ဆင့် ရရှိလာတဲ့ ကော်နာဘောကို ဗန်ပါစီ ကန်တင်ပေးရာမှာ ဖာဒီနန်ဆီ တည့်တည့်ရောက်လာပြီး ဖာဒီနန်က အနီးကပ် အပြင်းကန်သွင်းလိုက်ရာ ဆွမ်ဆီး ကစားသမားတွေအနေနှင့် ဘယ်လိုမှ မကာကွယ်လိုက်နိုင်တော့ပဲ ယူနိုက်တက်ရဲ့ အနိုင်ဂိုးကို ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဖာဒီနန်အတွက် ၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဖာဒီနန် ဂိုးသွင်းယူလိုက်နိုင်တဲ့အတွက် ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက်မှာ ယူနိုက်တက်အသင်းဟာ မတူညီသည့် ကစားသမားပေါင်း ၂၀ ယောက်ကနေပြီး ဂိုးသွင်းယူလိုက်နိုင်တဲ့အတွက် သမိုင်းတစ်လျှောက် ကစားသမား အများဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်တစ်ရပ် တင်နိုင်ခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ မန်ယူနိုက်တက်အသင်းက ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ချို့ ရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်တော့ပဲ ဖာဂူဆန်ရဲ့ အိုးထရက်ဖို့ဒ် နောက်ဆုံး နှုတ်ဆက်ပွဲမှာ ၂-၁ ရလာဒ်နဲ့ပဲ အနိုင်ရပြီး မျက်နှာပန်းလှတဲ့ နှုတ်ဆက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နှုတ်ထွက်တော့မည့် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အောင်ပွဲရ သူတပည့်များကို တစ်ဦးချင်းဆီ လိုက်လံ နှုတ်ဆက်ခဲ့ပြီး ပရိသတ်များကိုလည်း နှုတ်ဆက် စကား ပြောကြားခဲ့ပါတယ်။ ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့ကြသည့် ကစားသမားများကိုလည်း ချီးကျူးစကားများ ပြောကြားသွားခဲ့ပြီး အိုးထရက်ဖို့ရဲ့ နောက်ဆုံး ကွင်းပိတ်ပွဲမှာ အနိုင်ရလာဒ်တစ်ခုနှင့် ရာသီ ပိတ်သိမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Written by အောင်စိုးမိုး