၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ် အရန်ဆန် တန်ချိန်တစ်သိန်း ၀ယ်ယူရန် သတ်မှတ်ထားပြီး
လာမည့်မေလကုန်တွင် စတင်ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်မှ သိရှိရသည်။
အရန်ဆန်ဝယ်ယူရေးအတွက် ဘတ် ဂျက် ၁၄ ဒသမ ၅ ဘီလျံ သတ်မှတ်ထားကြောင်း၊ ယင်းကဲ့သို့ အရန်ဆန် ၀ယ်ယူရန်အတွက် လတ်တလောတွင် နိုင်ငံတော်မှ ဘတ်ဂျက် ၁၀ ဘီလျံ ချထားပေးကြောင်း၊ ဆက်လက်ဝယ်ယူရန် နောက်ထပ် ၁၅ ဘီလျံ ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းနှင့်စပ်လျဉ်းပြီး အတိအကျ မသိရသေးကြောင်းလည်း သိရှိရသည်။
''အရန်ဆန်ဝယ်ဖို့အတွက် ဘတ်ဂျက်ကို နိုင်ငံတော်က ၁၀ ဘီလျံ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ၃ ဒသမ ၅ ဘီလျံနဲ့ သမ၀ါယမအသင်းက တစ်ဘီလျံ၊ စုစုပေါင်း ၁၄ ဒသမ ၅ ဘီလျံရှိတယ်။ နိုင်ငံတော်က နောက်ထပ် ၁၅ ဘီလျံချထားပေးမယ်လို့ ကြားနေရပေမယ့် အခုချိန်မှာတော့ အဲဒါနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။ ဒါကြောင့် လောလောဆယ်မှာ ၁၄ ဒသမ ၅ ဘီလျံနဲ့ပဲ အရန်ဆန်ကို မေလကုန်လောက်မှ စတင်ဝယ်ယူသွားဖို့ ရှိပါတယ်'' ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အရန်ဆန် ၀ယ်ယူရာ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသပေါက်ဈေးအတိုင်း ၀ယ်ယူသွားမည် ဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်အတွင်း လျာထားချက် ပြည့်မီရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလကုန် စတင်ဝယ်ယူမှု၌ တန်ချိန် ၁၅၀၀၀ သတ် မှတ်ထားကြောင်းလည်း သိရှိရသည်။
ပြည်တွင်းဆန် ဖူလုံစေရေးအတွက် နိုင်ငံတော်မှ အရန်ဆန်များကို ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အရန်ဆန်ဝယ်ယူရာ၌လည်း ယခင်က တင်ဒါစနစ်ဖြင့်သာ ၀ယ်ယူခဲ့ရာမှ တောင်သူများ အဆင်ပြေစေရန်အတွက် အ၀ယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ဝယ်ယူနိုင်ရန်အတွက်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊
လေးမျက်နှာမြို့များတွင် အ၀ယ်ဒိုင်များ ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်းလည်း
သိရှိရသည်။
ဧရာဝတီမြစ်ပေါ်မှ ဆန်တင်သင်္ဘောအား ပြည်ဆိပ်ကမ်းတွင်တွေ့ရစဉ်
EMG