ရန်ကုန်မြို့တော်
အတွင်း လမ်းသား တိုးချဲ့ တည်ဆောက်နေသည့် လမ်းမကြီးများ ပေါ်ရှိ
လူနေအိမ်များ အနေဖြင့် အဆောက်အအုံ အသစ် ထပ်မံ တည်ဆောက် လိုပါက
လမ်းမကြီးနှင့် ပေ ၂ဝခွာ၍ တည်ဆောက်ရမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်
စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ယာဉ်ကြော ပိတ်ကျပ်မှုများ ကိုဖြေလျှော့ရန် လမ်းမကြီး အချို့အား လမ်းသား တိုးချဲ့ အဆင့် မြှင့်တင်ခြင်း၊ ကားပါကင် ဖော်ထုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိရာ အဆိုပါ လမ်းမကြီး များတွင် နေထိုင် ကြသူများ အနေဖြင့် အဆောက်အအုံ အသစ်များ ထပ်မံ ဆောက်လုပ်ခြင်း၊ အသစ် ပြင်ဆင် ဆောက်လုပ်ခြင်းများ လုပ်ကိုင် လိုပါက ထပ်မံ တည်ရှိလာမည့် အဆောက်အအုံသည် လမ်းမကြီးနှင့် ပေ ၂ဝ ခွာဆောက်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
''လောလောဆယ် မှာတော့ ရန်ကုန်မြို့ အဓိက လမ်းမကြီး တွေရဲ့ လမ်းသား အကျယ်ဟာ ပေ ၁ဝဝ မရှိသေးပါဘူး။ အများဆုံးဟာ ၇၂ ပေပဲ ဖြစ်ပါတယ်။ အခုချဲ့နေတဲ့ ဝေဇယန္တာ လမ်းမကြီး ဆိုရင် အကျယ်ဆုံး နေရာဟာ လမ်းဆုံလို နေရာမျိုးပေါ့ ၈၃ ပေ ရှိပါမယ်။
ရန်ကုန်မြို့ရဲ့ အကျယ်ဆုံး လမ်းဖြစ်လာမယ့် သဘောပါပဲ။ လမ်းသား ချဲ့ထွင်မှု ကတော့ ဆက်လုပ် နေရမယ့် သဘောရှိပါတယ်။ ကားအစီးရေ ကလည်း တိုးနေမှာ ဖြစ်တဲ့ အတွက် လေးလမ်းသွား အပြင် မောင်းနှင်နိုင်အောင် ချဲ့ထွင်သွားဖို့ လိုအပ်တဲ့ အတွက် ယာဉ်သွားလာမှု အများဆုံးနဲ့ လမ်းချဲ့ထွင် ဖို့ရာ ဖြစ်နိုင်ခြေရှိတဲ့ လမ်းမကြီးတွေကို ဦးစားပေးပြီးတော့ လမ်းသား တိုးချဲ့ နေပါတယ်'' ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း/ တံတား)မှ အငယ်တန်း အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းလမ်းမကြီး များတွင် ရန်ကုန် - ပြည် လမ်းမကြီး၊ တက္ကသိုလ် ရိပ်သာ လမ်းမကြီး၊ ဦးဝိစာရ လမ်းမကြီး၊ ကမ္ဘာအေး ဘုရား လမ်းမကြီးတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ