မဟာစန် မုန်တိုင်းနောက်ဆုံးသတင်း
မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦချစ်ကျော်ကို မြန်မာစံတော်ချိန် ညနေ ၅နာရီမှာ ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်
မေးမြန်းထားပါတယ်။
ဆိုင်ကလုန်းမဟာစင် ကုန်းတွင်းဖြတ်ကျော်သွားပြီလို့ သိရပါတယ်။ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီး ကနေ ဖြတ်ကျော်
သွားပါတယ်။ ၃ နာရီ ၄၀ လောက်ဖြတ်တယ်။ ကျနော်တို့က ၃ နာရီ မိနစ် ၃၀
တိုင်းထွာချက်တွေကို အခြေခံပြီး ၄ နာရီမှာ သတင်းထုတ်ပါတယ်။ လက်ရှိ
ကမ်းခြေကိုဖြတ်ကျော်နေတဲ့ အခြေအနေဖြစ်လို့ အညိုရောင် အဆင့်ပါ။ ”
ရခိုင်ဘက်က မုန်တိုင်းဒဏ်နဲ့ ကင်းလွတ်သွားပြီလို့ ပြောရင်ရမလား။
“မရပါဘူး။ မုန်တိုင်းကမ်းဖြတ်သွားချိန်မှာ ရခိုင်ကမ်းရိုးတန်း ဘက်မှာ
မောင်တော၊ စစ်တွေခရိုင်တို့မှာ လေဒဏ်၊ မိုးဒဏ်ခံနေရတယ်။
ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိသေးဘူး။ ခန့်မှန်းထား တာတော့
မောင်တောကမ်းခြေမှာ ပထမ ရေလှိုင်းအမြင့် ခန့်မှန်းတာ ၈ ပေ ကနေ ၁၀ ပေအထိ။
ဒါပေမယ့် မုန်တိုင်းက ပထမကမ်းဖြတ်ခါနီးမှာ အင်အားနည်းနည်းလျော့သွားတယ်။
လေတိုက်နှုန်းကလည်း ၁ နာရီ မိုင် ၅၀-၆၀ ပြန်ကျသွားတယ်။ ဒါကြောင့်
လေတိုက်နှုန်းခန့်မှန်းချက်ကို ၁ နာရီ မိုင် ၅၀၊ ၆၀ တိုက်နိုင်တယ်။
မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်း ကလည်း မောင်တောကမ်းခြေမှာ ၆
ပေ ကနေ ၈ ပေကလောက်ပဲ တက်တော့မယ်။ စစ်တွေခရိုင်မှာဆို ၄ ပေမှ ၆ ပေ။ အရင်
ထုတ်ထားတဲ့
ကျောက်ဖြူခရိုင်မှာဆိုတာကို မထည့်တော့ဘူး။ ကျောက်ဖြူမှာ
မတက်နိုင်တော့ဘူးလို့ ခန့်မှန်းလို့ပါ။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာ
ရွာသွန်းနိုင်လို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်တွေမှာ နေရာကွက် မိုးကြီးမယ်လို့ ထည့်ထားတယ်။ ဘာလို့လဲဆိုတော့
နေရာကွက်မိုးကြီးရင် လျှပ်တပြက် ရေကြီးတာ၊ မိုးများလို့ မြေကျွံပြီး
ပြိုတာ၊ တောင်ပေါ်ကားလမ်းတွေဘေးက
မြေကမ်းပါးယံတွေဟာ ပြိုပြီး
ကားလမ်းပေါ်ကျလို့ ကားလမ်းတွေသွားလို့ မရအောင် ဖြစ်ပြီး
အဆက်အသွယ်ပြတ်တောက်တာတို့ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို ရည်ညွှန်းပြီး
ထည့်ပါတယ်။ မိဘပြည်သူတွေ သိအောင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို
တိုက်ရိုက်အင်တာဗျူးလုပ်ပြီး အခု ထုတ်ပြန်ချက်ကို ရှင်းပြထားတာကို
တင်ပြထားပါတယ်။”
၁၆ ရက်ညနဲ့ ၁၇ မှဖြစ်မှာလား။ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေ ဖြစ်နိုင်ပါလဲ။
“အခုကစ ကမ်းဖြတ်တာနဲ့၊ ၃ နာရီခွဲက စဖြစ်မှာပါ။ ဘယ်လောက်အထိ
သတိထားနေရမလဲဆိုတော့ ကျနော်တို့ မုန်တိုင်း အားလျော့ ပျက်ပြယ်သွားပြီဆိုတဲ့
သတင်းကြေညာတဲ့အထိပါပဲ။”
မုန်တိုင်းနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။
“တချို့ အညိုရောင်ဆိုတာ သဘောမပေါက်တော့၊ အညိုရောင်ဆိုတာ
မုန်တိုင်းကမ်းဖြတ်နေတယ်၊ မုန်တိုင်းဗဟိုချက်ဖြတ်တယ်လို့ အဓိပ္ပာယ်ရတယ်။
ဗဟိုချက်ဖြတ်တယ်ဆိုတာ တခြမ်းကျန်ပါသေးတယ်။ ဥပမာ ရွှေတံဆိပ်ကြည့်ရင်
ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း၊ အလယ်မှာ အပေါက်ရှိတယ်။ အခုအရှေ့ဘက်ခြမ်းအရင်
ဖြတ်တယ်။ ဗဟိုချက် ကမ်းပေါ်ရောက်တယ်။ နောက်တခြမ်းကျန်ပါသေးတယ်။ နောက်တခြမ်းက
၃-၄ နာရီ ကြာအောင် ကမ်းကိုဖြတ်ပါတယ်။ အဲအတွက်နောက်ထပ် ၃-၄ နာရီ ကြာ၊ ည ၇
နာရီလောက်မှ ဒီဘက်အခြမ်းပြီးပါမယ်။ ပြီးရင်တော့ ဒီမုန်တိုင်းက တခါတလေမှာ
ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ဆက်နေတတ်တယ်။ အခုကတော့ မုန်တိုင်းငယ်အဖြစ်နဲ့
ဆက်နေနိုင်တဲ့အခြေအနေ မဟုတ်ဘူး။ သို့သော်လည်း နောက် ၃ နာရီလောက်ဆို
ဘာဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတင်းထပ်ထုတ်မှာပါ။ ဒါကြောင့်
ရေဒီယိုတို့၊ တီဗွီတို့ကို ကြည့်ဖို့လိုပါတယ်။ ဒါမှ နောက်ဆုံးအခြေအနေကို
ကြည်ပြီးတော့ ပြီးသွားတယ်ဆိုရင် ကျနော်တို့က အစိမ်းရောင်ကို ကြေညာပါတယ်။
အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။
သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊
မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊
သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ။
“ဒါပေမယ့် အဲဒီအချိန်မှာ တချို့နေရာတွေမှာ ဓာတ်ကြိုးတွေ ပြတ်တာ၊
မှန်တွေဘာတွေ ကွဲပြီးကျတာတို့ ရှိတဲ့နေရာကို ဒေသအာဏာပိုင်နဲ့ သဘာဝဘေးဒဏ်
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက အညွှန်းတွေပေးထားပါတယ်။ ဒီနေရာကို
မသွားရတို့၊ ကြိုးတွေဝိုင်းပြီးတော့ တားမြစ်တဲ့နေရာ သတ်မှတ်ထားတယ်။
အဲဒီနောကို စူးစမ်းတဲ့သဘောနဲ့ မသွားဖို့ လိုပါတယ်။ သွားရင်
ဘေးအန္တရာယ်ရှိမှာစိုးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရွှေတုံး၊
ငွေတုံး ရှိတာမဟုတ်ပါဘူး။ ဘေးအန္တရာယ် ကျရောက်မှာစိုးလို့ ပြောတပါ။
အဲဒါကြောင့် ဒေသအာဏာပိုင်ရဲ့ လမ်းညွှန်ချက်ကို သေချာလိုက်နာပြီး
တုံ့ပြန်ရင်ဆိုင်မယ်ဆိုရင် ဘေးအန္တရယ်ကျရောက်မှုက လျော့ပါးသွားမယ်လို့
ကျနော်ပြောချင်ပါတယ်။”
DVB
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်