ပင်လယ်ရေမျက်နှာပြင်
အထက် အမြင့်ပေ အတော်များများတွင် တည်ရှိသည့် လေယာဉ်ကွင်းရှိ ပြေးလမ်းမှ
ချော်ထွက်သွားသည့်နောက် ခရီးသည် (၁၈)ဦးပါ လေယာဉ်သည် မြစ်တစ်ခုအတွင်း
ကျဆင်းသွားခြင်း ဖြစ်သည်။
နီပေါနိုင်ငံတွင် ယနေ့ (မေလ ၁၆ ရက်) နံနက်ပိုင်းက လေယာဉ်ငယ်တစ်စင်း မြစ်ထဲ စိုက်ဆင်းမှု ဖြစ်ပွားခဲ့ရာ လူ(၅)ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ အတော်များများတွင် တည်ရှိသည့် လေယာဉ်ကွင်းရှိ ပြေးလမ်းမှ ချော်ထွက်သွားသည့်နောက် ခရီးသည် (၁၈)ဦးပါ လေယာဉ်သည် မြစ်တစ်ခုအတွင်း ကျဆင်းသွားခြင်း ဖြစ်သည်။ နီပေါနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားသော မတော်တဆမှုအတွင်း လူ(၅)ဦး စိုးရိမ်လောက်စရာ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အစိုးရပိုင် နီပေါလေကြောင်းလိုင်းမှ Twin Otter လေယာဉ်လေးသည် တောင်ထူထပ်သည့် အန်နာပူနာ ဒေသရှိ ကာလီဂန်ဒါကီ မြစ်ထဲ ထိုးကျသွားခြင်းဟု တာဝန်ရှိသူများက ဆိုသည်။
"မနက်ပိုင်းမှာ ဂျွမ်ဆွမ်းလေဆိပ်ကို လေယာဉ်ဆိုက်တော့ ဘရိတ်စနစ် ပျက်သွားပုံရတယ်။ မြစ်ထဲ ဆင်းသွားတော့ လေယာဉ်ရဲ့ ကိုယ်ထည်တစ်ဝက်က ရေထဲရောက်ပြီး တစ်ဝက်က သောင်ပြင်ပေါ် ကျန်နေခဲ့တယ်"ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကီရှက်ဗ် အက်ဒီကာရီက ပြောကြားခဲ့သည်။ ၎င်းက လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး ဒဏ်ရာရခဲ့ပြီး (၅)ဦးမှာ အခြေအနေ ဆိုးခဲ့ခြင်းဟုလည်း ဖြည့်စွက် ရှင်းလင်းခဲ့သည်။ "(၅)ယောက်ကတော့ အခြေအနေ အတော်ဆိုးတယ်။ သူတို့ကို လေကြောင်းကနေ ပေါ့ဟာရာကို ပို့ခဲ့တယ်။ အဲဒီက ဆေးရုံမှာ ကုသမှုတွေ လုပ်ရပါမယ်"ဟုလည်း ၎င်းက ဆိုသည်။
နီပေါနိုင်ငံသည် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ် ညံ့ဖျင်းပြီး နှစ်စဉ် ရောက်ရှိလာသည့် ကမ္ဘာလှည့် ခရီးသည်များ၊ ဘုရားဖူးများ၊ ဧဝရတ်တောင်ကို တက်ရန် ရောက်လာသည့် ပရော်ဖက်ရှင်နယ် တောင်တက်သမားများအတွက် ပြဿနာများ ကြုံရလေ့ ရှိသည်။ ထို့ကြောင့် အများစုသည် လေကြောင်းလိုင်းကိုသာ အသုံးပြုကြသည်။ နီပေါတွင် ပြည်တွင်းလေကြောင်းလိုင်း (၁၆)လိုင်း ပြေးဆွဲပြီး လေဆိပ် (၄၉)ခု ရှိနေကြောင်း သိရသည်။
Planet.com.mm