မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံ အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဆည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သော်လည်း အဆိုပါ စီမံကိန်း ပျက်သွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ ရေအားလျှပ်စစ် ထုတ်ယူမည့်ဆည်ကို တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အတူ အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းမှ ခန့်မှန်းအားဖြင့် ၈၀၀ MW ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပို့လွှတ်ရန်နှင့် အချို့အား ထားဝယ်အထူးစီးပွားရေးဇုန်သိ
အဆိုပါ စီမံကိန်း ပျက်သွားခြင်းမှာ ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုများ ရှိလာမည် ဖြစ်သောကြောင့် ယခုကဲ့သို့ MoU အား မြန်မာဘက်မှ ဖျက်သိမ်းလိုက်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
"အခုလို သတင်းတွေ ထွက်ပေါ်လာတာ ကောင်းပါတယ်။ ဒေသခံ လူထုကို ထိခိုက်နိုင်တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းလိုက်တယ် ဆိုလို့ရှိရင် ကြိုဆိုပါတယ်" ဟု ထားဝယ်ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
အီတာလျံ-ထိုင်း ကုမ္ပဏီမှ စီမံကိန်းနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေ အကဲဖြတ် လေ့လာမှုကို ၂၀၁၁ ခုနှစ်၊ မတ် ၂၈ ရက်တွင် MOEP (Ministry of Electric Power) ကို တင်ပြခဲ့ကြောင်း၊ MoU ထိုးရန်အတွက် ညှိနှိုင်းဆွေးနွေးစဉ်က အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း၏ Installed capacity ကို 600MW ရှိပြီး ဆည်အမြင့် ၄၇၆ ပေနှင့် တိုင်ကီပြည့် ရေအမှတ် (full tank level) အား ၃၉၄ ပေနှင့် တင်ထားသော်လည်း လက်တွေ့တွင် ၁၀၄၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ကို တွေ့ရှိရပြီး ဆည်အမြင့်ကို ၄၆၄ ပေနှင့် တိုင်ကီပြည့်ရေအမှတ် ၄၄၃ လက်မအထိ တိုးမြှင့်ထားသည်ကို တွေ့ရကြောင်း၊ သို့ပါ၍ ထိုဒေသတွင် ရေလွှမ်းမိုးမှုများ၊ ထိုဒေသရှိ ကျေးရွာများ၊ ဧက ၆၁၀၀၀ ရှိသော လယ်မြေများ ရေနစ်မြုပ်နိုင်သည့် အလားအလာများလည်း ရှိနေသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ စီမံကိန်းအား EIA နှင့် SIA အကဲဖြတ်မှုများအရ ဆက်၍ ပြုလုပ်ရန် မသင့်တော်သည့်အတွက် သမ္မတရုံးသို့ တင်ပြထားကြောင်းနှင့် အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းရန်အတွက် သမ္မတရုံးမှ ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
"စီမံကိန်းကို တနင်္သာရီတိုင်း မြိတ်မြို့အနီး အောင်သာဝရလို့ခေါ်တဲ့ နေရာမှာ လုပ်ထားတာပါ။ ဒီဒေသက ရွှေအမြောက်အမြားလည်း ထွက်ပါတယ်။ ကုမ္ပဏီ အနေနဲ့တော့ ပဏာမအဆင့် လေ့လာမှု လုပ်ပြီးသွားပြီ။ စီမံကိန်းတော့ မစရသေးပါဘူး။ လျာထားတုန်းပဲ ရှိပါတယ်။ ဒါပေမဲ့ လမ်းတွေတော့ ဖောက်ပြီးသွားပါပြီ" ဟု အဆိုပါ စီမံကိန်းအား အသေးစိတ် သိရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group