ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ စာပေတည်းဖြတ်မှု အတတ်ပညာ၊ စာကြည့်တိုက် လုပ်ငန်းပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနှင့် ဒဿနိကဗေဒဌာနတို့မှ ယင်းသင်တန်း သုံးမျိုးကို ဖွင့်လှစ်မည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ တက်ရောက်နိုင်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရှိ မြန်မာစာဌာနသည် မြန်မာဘာသာစကား သင်ယူလိုသော နိုင်ငံခြားသားများ အတွက်လည်း အခြေခံ မြန်မာဘာသာစကား သင်တန်းကို ဖွင့်လှစ်သင်ကြားရန် စီစဉ်နေသည်။ ရန်ကုန်တက္ကသိုလ်ရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနသည် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဖွင့်လှစ် သင်ကြားနေပြီး ယခုအခါ အသိအမှတ်ပြု လက်မှတ်ရ သင်တန်းများကို ဖွင့်လှစ်သင်ကြားရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီး ဂုဏ်ထူးတန်းများကို ပြန်လည်ဖွင့်လှစ်ထားသလို ဘွဲ့ကြိုသင်တန်းအတွက် ထူးချွန်ကျောင်းသားများကို ရွေးချယ်သင်ကြား လေ့ကျင့်ပေးရန် စီစဉ်နေကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
7 Days