ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ဇွန်(၁၁)ရက်နေ့ ညနေ (၅)နာရီ၌
ယှဉ်ပြိုင် ကစားမည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ဗီယက်နမ်
လက်ရွေးစင် ယူ-၂၃ အသင်းတို့ ခြေစမ်းပွဲအတွက် အသင်း မန်နေဂျာများ
အစည်းအဝေးကို ယနေ့ မနက်ပိုင်းက ဟိုချီမင်း မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ
မြန်မာအသင်း မန်နေဂျာ ဦးတင်မြင့်အောင်၊အသင်း မီဒီယာ ဦးစိုးမိုးကျော်နှင့် ဗီယက်နမ် အသင်းနည်းပြ ဟောင်ဗန်ပက် ၊ အသင်းခေါင်းဆောင် ဗန်ကူရက်တို့ တက်ရောက်ခဲ့ကြသည်။
ဗီယက်နမ်အသင်း နည်းပြ ဟောင်က မြန်မာအသင်းအား မည်သည့် အခါမျှ အထင်မသေးကြောင်း၊ လက်ရှိ ကိုရီးယား နည်းပြ ပက်ဆောင်ဟွာ တာဝန် ယူမှုအောက်က မြန်မာအသင်း စွမ်းဆောင်မှုကို ကောင်းကောင်း သိပါကြောင်း၊ ပထမ ခြေစမ်းပွဲတွင် လူငယ် အရန် ကစားသမား များကိုသာ ပွဲထုတ် သွားခဲ့သည် ကိုလည်း တွေ့ရကြောင်း ပြောကြားသွားခဲ့သည်။
" မြန်မာကစားသမားတွေဟာ Skill ရှိပြီး နည်းစနစ်နဲ့ အံ့ဝင်အောင် ကစားတတ် သူတွေပါ။ တစ်ချို့ဆို ပါရမီရှင်တွေပါပဲ။ ကျော နံပါတ်(၈) ကြည်လင်းဟာ ပြိုင်ဘက်တွေကို ဘယ်အချိန်မဆို ဒုက္ခပေးနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ မနက်ဖြန် ခြေစမ်းပွဲမှာ ပက်ဆောင်ဟွာ အနေနဲ့ အမာခံ လူစာရင်းကို အသုံးပြုသွားမယ် ထင်ပါတယ်" ဟု ဟောင်က ပြောကြားခဲ့သည်။
အလားတူ ဦးတင်မြင့်အောင် ကလည်း ဗီယက်နမ် ကစားသမားများမှာ နိုင်လိုစိတ် ပြင်းထန်ပြီး လျင်မြန်မှု ရှိကြောင်း၊ မိမိတို့ မြန်မာ လူငယ် ကစားသမားများ အနေဖြင့် ပွဲများများ ကစားရန် လိုအပ်ပြီး ဆက်လက် လေ့ကျင့်မှုများ ပြုလုပ်ရန် လိုနေသေးကြောင်း စသဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့သည်။
" ဗီယက်နမ် ယူ-၂၃ အသင်း အနေနဲ့ မနက်ဖြန် ခြေစမ်းပွဲမှာ ကျွန်တော်တို့ မြန်မာအသင်းကို သေချာပေါက် အနိုင်ယူဖို့ ကြိုးစားမှာပါ။ ဘာကြောင့်ဆိုရင် သူတို့ကို လွန်ခဲ့တဲ့ ၂ နှစ်က ဆီးဂိမ်းစ်မှာ ကျွန်တော်တို့ မြန်မာအသင်း ဂိုးပြတ် အနိုင်ရထားတာ ဆိုတော့ သေချာပေါက် ရှုံးကြွေးဆပ်ချင် နေပါလိမ့်မယ်။ မနက်ဖြန် ပွဲမှာ အနိုင်ရဖို့လည်း ကျွန်တော်တို့ ကြိုးပမ်းမှာပါ။ ရလဒ်ကို တော့ ပွဲမတိုင်ခင် ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်ပါဘူး" ဟု ဦးတင်မြင့်အောင်က ဗီယက်နမ် မီဒီယာများအား ပြောကြားသွားခဲ့သည်။
မြန်မာနှင့် ဗီယက်နမ်တို့ ခြေစမ်းပွဲကို ဗီယက်နမ် ရုပ်သံလိုင်း တစ်လိုင်းဖြစ်သည့် VTV 6 မှ တိုက်ရိုက် ပြသနိုင်ဖွယ်ရှိ သော်လည်း ယခု သတင်းရေးသားနေချိန် အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
http://themff.org/