ကမ္ဘာ့အဆင့် တိုက်စစ်မှူးသစ် တစ်ဦးကို ဝယ်ယူရန် ကြိုးပမ်းနေသော မော်ရင်ဟို
အနေဖြင့် ရွန်နီကို စိတ်ဝင်စားဖွယ် ရှိနေသည့်တိုင် ယူနိုက်တက်က ၎င်းတို့၏
အဓိက ကစားသမားများကို ပြည်တွင်းပြိုင်ဘက်များထံ လက်လွှဲလေ့ မရှိသည့်
အစဉ်အလာကြောင့် လက်တွေ့ ချဉ်းကပ်နိုင်ရေး ခက်ခဲဖွယ် ရှိနေ . . . .
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ခေါ်ယူချင်သည့်တိုင် ချယ်လ်ဆီး မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟိုအတွက် လက်တွေ့ အောင်မြင်ဖွယ် မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မော်ရင်ဟိုသည် ရွန်နီကို လေးစား သဘောကျကြောင်း ပြောဆိုခဲ့သလို ပျော်ရွှင်မှုအတွက် အဖြေတစ်ခု ရှာဖွေသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ချယ်လ်ဆီးကို တစ်ကျော့ပြန် မန်နေဂျာအဖြစ် တာဝန်ယူချိန်တွင် ကမ္ဘာ့အဆင့် တိုက်စစ်မှူးသစ် တစ်ဦးကို ဝယ်ယူရန် ကြိုးပမ်းနေသော မော်ရင်ဟို အနေဖြင့် ရွန်နီကို စိတ်ဝင်စားဖွယ် ရှိနေသည့်တိုင် ယူနိုက်တက်က ၎င်းတို့၏ အဓိက ကစားသမားများကို ပြည်တွင်းပြိုင်ဘက်များထံ လက်လွှဲလေ့ မရှိသည့် အစဉ်အလာကြောင့် လက်တွေ့ ချဉ်းကပ်နိုင်ရေး ခက်ခဲဖွယ် ရှိနေသည်။
အင်္ဂလန် ချန်ပီယံ အသင်းတွင် ရွန်နီအနေဖြင့် မတည်မငြိမ် ဖြစ်နေပြီး အသင်းမှ ထွက်ခွာ်ဖွယ် ရှိနေကြောင်း သတင်းများက ရေးသားနေသော်လည်း ကစားသမားကို လက်တွေ့ ရောင်းချလျှင်ပင် ပြည်ပ ကလပ်တစ်ခုခုနှင့်သာ ယူနိုက်တက်က သဘောတူညီမှု ရယူဖွယ် ရှိနေသည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ရွန်နီသည် ၎င်း၏ အနာဂတ်အတွက် ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ဖွယ် ရှိနေသည်။ မော်ရင်ဟို အနေဖြင့် ရွန်နီကို လိုလားမှု ရှိသည့်တိုင် ယူနိုက်တက်ထံမှ ဆွဲဆောင်ဝယ်ယူရေးမှာ ဖြစ်နိုင်ခြေ နည်းပါးနေကြောင်း ယခင် သာဓကများကလည်း သက်သေခံနေသည်။
အာဂျင်တီးနား နောက်ခံလူ ဂါဘရီရယ်လ် ဟိန့်ဇီမှာ ယူနိုက်တက်၏ ခါးသီးပြိုင်ဘက် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အလေးအနက် ကြိုးစားခဲ့ဖူးသော်လည်း အသင်းက လုံးဝ ခွင့်မပြုခဲ့သည့်နောက် ရီးယဲလ်မက်ဒရစ်သို့သာ ကူးပြောင်းသွားခဲ့ရဖူးသည်။ လတ်တလောတွင် ရွန်နီကို ပြင်သစ်ကလပ် PSGအသင်းကလည်း စိတ်ဝင်စားမှု ပြသနေကြောင်း သိရှိရသည်။
Planet.com.mm