ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့်အား ကန့်သတ်ထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ် ၃၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့်
လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၄၉ စီးအား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း စီးနင်းသူများကို တွေ့ရှိနေရပြီး ညပိုင်းများတွင် ပိုမိုစီးနင်းနေကြကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်အလိုက် လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဆီးဖို့ အဖွဲ့တွေ ဖွဲ့စည်းထားတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းတွေ မရှိရင်တော့ ဖမ်းဆီးမှုတွေ လုပ်ဖြစ်ပါတယ်။ စီးနင်းခွင့်မပြုတဲ့ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာလည်း တရားမ၀င် စီးနင်းနေတာတွေ ရှိနေတယ်။ အခုဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ အများစုကတော့ စီးနင်းခွင့်မြို့နယ်တွေထဲက ဖြစ်ပါတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ပြည်တွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ၁၀၂ စီး၊ ဖေဖော်ဝါရီတွင် ၇၅ စီး၊ မတ်တွင် ၁၀၄ စီးနှင့် ဧပြီတွင် ၇၄ စီး စုစုပေါင်း ၃၅၅ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် သေဆုံးသူဦးရေ ၈၅၇၄ ဦးရှိခဲ့ပြီး ယင်းအနက် ၄၂၈၇ ဦးမှာ ဆိုင်ကယ်စီးနင်း သူများဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် ဌာနများမှာ စည်ပင်၊ ယာဉ်ထိန်း၊ သံရုံး၊ စာပို့၊ လျှပ်စစ် စသည့်ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။
Eleven Media Group