မဟာဗျူဟာအရ အလွန်အရေးပါသော တောင်တရုတ်ပင်လယ်အတွင်း
နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်-ဗီယက်နမ် အကြားနှင့်
တရုတ်-ဖိလစ်ပိုင်အကြား အငြင်းပွားနေမှုများကြောင့် စစ်ဖြစ်ပွားနိုင်ဖွယ်
ရှိကြောင်း စိုးရိမ်မှုများ မြင့်တက်လာသည်။ တောင်တရုတ်ပင်လယ်အရေးနှင့်
ပတ်သက်၍ တင်းမာမှုများ အလွန်မြင့်မားလာချိန်၌ မြန်မာနိုင်ငံသည်
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားပြီး အာဆီယံအဖွဲ့ကို
ဦးဆောင်နေရချိန်နှင့် တိုက်ဆိုင်နေသည်။
အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း တရုတ်က ရေနံတူးစင်တစ်ခုကို ထားရှိခဲ့ပြီးနောက် ရာစုနှစ် အတန်ကြာအတွင်း အဆိုးရွားဆုံး တရုတ်ဆန့်ကျင်ရေး မငြိမ်သက်မှုများ မေ ၁၅ ရက်က ဗီယက်နမ်တွင် ဖြစ်ပွားခဲ့ရာ တရုတ်အလုပ်သမား နှစ်ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် မေ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ် ဆန္ဒပြသူများ ပူးပေါင်းလျက် တရုတ်ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
ယခုနှစ် အာဆီယံထိပ်သီး အစည်းအဝေး၌လည်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ထိရောက်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက် မရခဲ့ပေ။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ် သို့မဟုတ် ထိုင်ဝမ်နှင့် အငြင်းပွားမှု၌ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် လေးနိုင်ငံက တိုက်ရိုက်ပါဝင် ပတ်သက်နေသည်။ ယင်းနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ဖြစ်သည်။ အင်ဒိုနီးရှားသည်လည်း ယင်းအငြင်းပွားမှု အတွင်းသို့ ၀င်ရောက်လာဖွယ် ရှိနေသည်။
တရုတ်သည် အာဆီယံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများစွာတို့၏ အကြီးမားဆုံး ကုန်သွယ်ဖက်လည်း ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ် အရေးတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အငြင်းပွားမှုများ၌ တရုတ်ကို ဆန့်ကျင်ရပ်တည်ရန် မလိုလားကြပေ။ တရုတ်ကလည်း ရေပိုင်နက် အငြင်းပွားမှုများသည် နှစ်ဦးနှစ်ဖက် ဆွေးနွေးရမည့်ကိစ္စသာ ဖြစ်သည်ဟု ပြောကြားထားသည်။ တရုတ်အနေဖြင့် ၎င်းထက်အင်အားများစွာ သေးငယ်သော အိမ်နီးချင်းနိုင်ငံများအပေါ် အလွယ်တကူ သြဇာလွှမ်းမိုးနိုင်မည် ဖြစ်သောကြောင့် တစ်နိုင်ငံချင်း အနေဖြင့်သာ ဖြေရှင်းလိုပြီး အာဆီယံတစ်ဖွဲ့လုံးနှင့် ထိပ်တိုက်မတွေ့လိုပေ။
တောင်တရုတ်ပင်လယ်အရေး ဖြစ်ပေါ်နေချိန်တွင် အမေရိကန်ကလည်း အရှေ့တောင်အာရှဒေသသို့ ပြန်လှည့်ကြည့်လာသည်။ တရုတ်အင်အား ကြီးထွားလာမှုကြောင့် မဟာဗျူဟာအရ စိန်ခေါ်မှုကို ရင်ဆိုင်လာရသော အမေရိကန်သည် သူ၏နိုင်ငံခြားရေး မူဝါဒကို ပြန်လည်ထိန်းညှိရန် ကြိုးပမ်းလာသည်။ ပွင့်လင်းမြင်သာမှု နည်းပါးသော တရုတ်တို့၏ ခြေလှမ်းများကို ကာကွယ်နိုင်ရန်အတွက် အမေရိကန်က အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို အားပေးအားမြှောက် ပြုလာသည်။
အရှေ့တောင်အာရှ ဒေသတွင်း၌ ဒေသတွင်းမှမဟုတ်သည့် အင်အားကြီးနှစ်နိုင်ငံက မဟာဗျူဟာအရ လည်းကောင်း၊ စီးပွားရေးအရလည်းကောင်း လာရောက်အားပြိုင်မှုအား မြန်မာနိုင်ငံ ဦးဆောင်သော အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အလွန်ပါးနပ်စွာ ရင်ဆိုင်နိုင်ရန် လိုအပ်နေသည်။ တရုတ် သို့မဟုတ် အမေရိကန် တစ်နိုင်ငံတည်းအပေါ် ပုံအောအားထားရန် မဖြစ်နိုင်သော အနေအထား၌ လှေနံနှစ်ဖက် နင်းနေရသော အာဆီယံသည် မဟာဗျူဟာကို ပါးနပ်စွာထိန်းညှိရန် လိုအပ်ပါကြောင်းနှင့် အထူးသဖြင့် တရုတ်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသော တောင်တရုတ်ပင်လယ် အရေး၌ အာဆီယံနိုင်ငံအချင်းချင်း ညီညွတ်စွာဖြင့် ပါးနပ်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
============
၂၀၁၄ မေလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Admin
ကို စိန်သန်း
Free Online Radio Media (Malaysia)