မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး
ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန်
ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အစည်းအရုံး၏ အပြစ်ပေး
အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင်
ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်းတို့ကို The Voice က
မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း
နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး
ဘာပြောချင်ပါသလဲ။
L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး
စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ
မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း
ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။
ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း
လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့
ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။
အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း
ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။
Voice ။ ။ ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင်
အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့
ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း
ဘာပြန်ပြောချင်လဲ။
L.M ။ ။ အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ
အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့
ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင်
ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို
ကိုယ်စားပြုဖို့တော့ လိုတာပေါ့။
Voice ။ ။ ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
L.M ။ ။ ပြဿနာတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။
ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောကအတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ
လောကအတွက် လုပ်တာဖြစ်တဲ့အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။
ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။
ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့
မထူးဆန်းပါဘူး။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။
Voice ။ ။ ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို
ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့
အကြောင်းအရင်း သိပါရစေ။
L.M ။ ။ ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့
ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။
ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ
မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့
သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး
အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့
အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။
ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။
နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။
သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။
ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ
အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို
မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို
သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။
Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း
သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ
တာဝန်ယူဖို့ စဉ်းစားထားလဲ။
L.M ။ ။ ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။
ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို
ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး
ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။
ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ
ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊
ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။
Voice ။ ။ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ
ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော
ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။
L.M ။ ။ ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။
အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာလည်း
လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့
အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။
ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက်လည်း
မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ်တစ်ယောက် နောက်တစ်ခု
ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’
ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော
အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းအဟောင်းကို
ပြန်ရိုက်မိတာ။ ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက်
စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း
လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ
ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း
ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး
သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်းအရုံးကို
တောင်းဆိုလာတာ။
တကယ်တော့ ဒီခေတ်ကြီးမှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊
တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့
ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။
အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန်
လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို
ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေလည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း
ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး
တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။
အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင်
ညှိနှိုင်းဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို
ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ
ညွန့်မြန်မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။
စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့
မလုပ်ပါဘူး။
Voice ။ ။ ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ
ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက
အရင်ထွက်ခွင့်ရမလဲ။
L.M ။ ။ ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ
ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း
ထပ်တာတွေ ရှေ့မှာအများကြီးလည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊
ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်းကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။
ဖြန့်ပြီးတာနဲ့ နောက်ကားက ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ
လုပ်ခဲ့ဖူးတယ်။ အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို
မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ
ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။
ဒီကိစ္စကျတော့ ရိုက်တာကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး
သွားဖြစ်နေတယ်။ တစ်ဖက်ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး
ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန်
မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း
ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင်
ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့
ဇာတ်ကားကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။
Voice ။ ။ ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့
ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့
အကြောင်းအရင်းလေး သိပါရစေ။
L.M ။ ။ အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့
အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ
ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့
ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။
ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။
Voice ။ ။ ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ
နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော
ဘာပြောချင်ပါသလဲ။
L.M ။ ။ ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ်
ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။
ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့်
ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင်
ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။
Voice ။ ။ ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။
L.M ။ ။ ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့
လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့
ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊
ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ
အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။
Voice ။ ။ ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။
L.M ။ ။ ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက
ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ်ယူခွင့်ရအောင်
ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီမှာ နိုင်ငံခြားကားတွေ
ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင်
တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ
ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။
ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀
ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့
ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ်လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊
ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို
ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။
Voice ။ ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး
ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့
တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ
ရှိလာနိုင်လဲ။
L.M ။ ။ မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။
ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ
ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက
နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ
ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။
Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။
L.M ။ ။ ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။
အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို
မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက
ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။
Voice ။ ။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။
L.M ။ ။ ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို
ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး
ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။
Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ
ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင်
ပြောပေးပါဦး။
L.M ။ ။ ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။
ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။
လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ
တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့
မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။ အခုဆို BC
နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း
ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့
လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို
ပညာတော်သင် စေလွှတ်ဖို့လည်းရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ
ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက
တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ
ရှိတာတော့ လုပ်ရမှာပဲ။
(သန့်ဇင်ဦး)
The Voice Weekly
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
August
(18)
-
▼
Aug 26
(12)
- ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး
- ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ
- ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
- ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တ...
- မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗ...
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ...
- ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
- သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရ...
- ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို...
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
-
▼
Aug 26
(12)
-
▼
August
(18)