ကိုလံဘီယာနှင့် ကစားမည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဘရာဇီး အသင်း၏ အဓိက တိုက်စစ်မှူး နေမာ ပါဝင်နိုင်ရန် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။ချီလီနှင့် ပွဲစဉ်တွင် အသက်(၂၂)နှစ်အရွယ် ကစားသမားသည် ပေါင်ဒဏ်ရာ ရရှိထားခဲ့ပြီး လာမည့်ပွဲစဉ်၌ ပါဝင်ကစားရန် ရုန်းကန်နေရသည်။ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဘရာဇီး တိုက်စစ်၌ ဖရက်ဒ်နှင့် ဟော့ခ်တို့မှာ အကောင်းဆုံး ခြေစွမ်းမျိုး မရခဲ့ခြင်းကြောင့် နေမာသာ ကိုလံဘီယာနှင့်ပွဲတွင် မကစားနိုင်ပါက နည်းပြ လူးဝစ်ဖိလစ် စကိုလာရီအတွက် အကျပ်ရိုက်ဖွယ်
အခြေအနေမျိုး ရှိနေသည်။စကိုလာရီက “ကျွန်တော်တို့ အသင်းဟာ နောက်ပွဲကစားဖို့ လေးရက်၊ ငါးရက်လောက်ပဲ ကြားထဲမှာ နားချိန်ရှိနေတယ်။ ဒါက နေမာ့အတွက် ပြဿနာကြီး တစ်ခုပဲ။ သူ့ပေါင်က တော်တော့်ကို ရောင်နေတာပါ”ဟု ဆိုသည်။ ၎င်းက “ကျွန်တော် ပေါ်တူဂီ လက်ရွေးစင် အသင်းကို တာဝန်ယူနေတုန်းက နယ်သာလန်နဲ့ ကစားတဲ့ပွဲကို မှတ်မိသေးတယ်။ အဲဒီတုန်းက ခါလစ်ဘိုလာရုဇ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခပ်ကြမ်းကြမ်း ကစားလိုက်တယ်။ နောက်(၁၀)မိနစ်လောက်မှာ ရော်နယ်လ်ဒို ဘယ်လိုမှ ဆက်မကစားနိုင်ဘဲ ထွက်လိုက်ရတယ်လေ။ ချီလီနဲ့ ပွဲမှာလည်း နေမာကို အဲဒီလို အခြေအနေမျိုးနဲ့ ကျွန်တော် မြင်လိုက်ရတယ်။ လူတွေက နေမာဟာ ခဏခဏ လဲကျနေတယ်လို့ ပြောကြတယ်။ တကယ်တမ်းကျတော့ သူဟာ သုံးခါလောက် ခပ်ကြမ်းကြမ်း ကစားခံရပြီး လဲကျသွားတာပါ”ဟု ပြောကြားခဲ့သည်။၎င်းက ချီလီနှင့်ပွဲတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရသည်အထိ ပွဲချိန်ကြာသွားပြီး ရှုံးနိမ့်လုနီးပါး အခြေအနေများ ကြုံခဲ့ရသည်ကို သင်ခန်းစာ ယူရမည်ဟုလည်း ဝန်ခံခဲ့သည်။ “အချိန်ပို (၁၁၈)မိနစ်လောက်မှာ ဘောလုံးက တိုင်ထိထွက်သွားတာ တော်တော် ကံကောင်းတယ်။ ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက်ရဲ့ အမှားတွေကို အခွင့်အရေး မယူနိုင်ရင် အချိန်မရွေး ဒုက္ခရောက်သွားနိုင်ပါတယ်။ ချီလီနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ဂိုးရဖို့ အခွင့်အလမ်း သုံးလေးကြိမ်လောက် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ဘောလုံးပိုင်ဆိုင်မှု အသာရသလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း ဂိုးမဝင်သ၍ ကိုယ့်အတွက် အချိန်မရွေး အန္တရာယ် ရှိနေနိုင်တာကို သတိထားဖို့ လိုပါတယ်”ဟု စကိုလာရီက မှတ်ချက်ပြုသွားသည်။

_Ref: Dailymail