
Photo - Gettyimages
နယ်သာလန် အသင်းအတွက် ပွဲပေါင်း(၁၀၀)ပြည့် ကစားနိုင်ခဲ့သည့် ခံစားချက်မှာ ထူးခြားလွန်းကြောင်း တိုက်စစ်မှူး ဒါ့ခ်ကွတ်က ပြောကြားခဲ့သည်။မက္ကဆီကို အသင်းကို (၂-၁)ဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွင် ဖီနာဘာချီ ကစားသမား ကွတ်က လက်ရွေးစင် ပွဲပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ ကစားသမားသည် နယ်သာလန် အသင်း၏ သမိုင်းတစ်လျှောက် ပွဲပေါင်းရာပြည့် ကစားနိုင်သည့် သတ္တမမြောက် ကစားသမားလည်း ဖြစ်လာသည်။ဇွန်လ(၂၉)ရက်နေ့ညက မက္ကဆီကို အသင်းကို အနိုင်ရခဲ့သည့်နောက် ကွတ်က “ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ။ ဒီနေ့ကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့တဲ့ (၇)နှစ်တိတိမှာ ကျွန်တော့်ဖခင် ကွယ်လွန်ခဲ့တယ်။ ခုတော့ ကျွန်တော်က နယ်သာလန်ရဲ့ ပွဲ(၁၀၀)ပြည့် ကစားနိုင်တဲ့ (၇)ယောက်မြောက် ကစားသမား ဖြစ်လာပြီ။ တကယ့်ကို ထူးခြားတဲ့ အခြေအနေပါပဲ”ဟု ပြောကြားခဲ့သည်။၎င်းက မက္ကဆီကိုနှင့် ပွဲစဉ်တွင် ဘရာဇီးနိုင်ငံ၏ နေ့အပူချိန်ကြောင့် အကောင်းဆုံး ခြေစွမ်းမျိုး ရရှိရန် ရုန်းကန်ခဲ့ရကြောင်းလည်း ဝန်ခံခဲ့သည်။ “ဒီအပူချိန်အောက်မှာ ကစားရတာ အရမ်းခက်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ အရင်တုန်းက တစ်ခါမှ မကစားဖူးဘူး။ အာရူဘာမှာတုန်းက ဒီအပူချိန်မျိုး ကြုံဖူးပေမယ့် ခုလိုပွဲစဉ်မျိုးနဲ့ကတော့ ကွဲပြားမှု အများကြီး ရှိပါတယ်။ ဒါပေမဲ့ နယ်သာလန် အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကတော့ တကယ့်ကို အပျံစားပါပဲ”ဟု ကွတ်က ဆိုသည်။ကွတ်က နယ်သာလန်အတွက် နောက်ဆုံးမိနစ် ပင်နယ်တီဂိုး သွင်းယူပေးပြီး အသင်းကို အနိုင်ရစေခဲ့သည့် တိုက်စစ်ကစားဖော် ကလက်စ်ဂျန်ဟန်တဲလားကိုလည်း ချီးကျူးခဲ့သည်။ “ဟန်တဲလားကတော့ အကြီးအကျယ် ချီးကျူးထိုက်တဲ့သူပါ။ သူဟာ အရန်ခုံမှာ ထိုင်နေရလို့လည်း ဘယ်တုန်းကမှ စောဒက တက်လေ့မရှိဘူး။ ပွဲကစားခွင့် ရလာတဲ့ အချိန်မှာလည်း ခုလို အရေးပါတဲ့ ပင်နယ်တီမျိုးကို သေသေသပ်သပ် သွင်းယူနိုင်ခဲ့တယ်။ သူက တကယ်လေးစားထိုက်တဲ့ ကစားသမားပါ”ဟုလည်း ကွတ်က ပြောကြားသွားသည်။
_Ref: Goal