၂၀၁၃ မတ်လ ၂၇ ရက်တွင် ကျရောက်ခဲ့သော (၆၈)ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပထမဆုံးအကြိမ် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအခမ်းအနား၌ တွေ့ရစဉ် (Photo : AFP)
လာမည့် (၆၉) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများအား ဖိတ်ကြားရန်ရှိကြောင်း သတင်းရရှိသည်။
‘‘မနှစ်ကလည်း လွှတ်တော်က ရေးရာကော်မတီဥက္ကဋ္ဌတွေကို ဖိတ်တော့ ဒီနှစ်လည်း ဖိတ်မှာပဲ’’ဟု တပ်မတော်မှ အဆင်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
သို့သော် ယခုအချိန်ထိ လွှတ်တော်သို့ ဖိတ်စာမရောက်ရှိသေးကြောင်းနှင့် မတ်လ ၂၄ ရက်တွင်မူ ဖိတ်စာရောက်ရှိလာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
‘‘ဖိတ်စာက အခုထိမရောက်သေးဘူး။ ဖိတ်စာရောက်မှပဲ တက်၊ မတက် ဆုံးဖြတ်မယ် ထင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်ကပြောသည်။
လက်ရှိကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများသည် တပ်မတော်နေ့မတိုင်မီ တစ်ရက်အလို မတ်လ ၂၆ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ထိုအချိန်က စစ်ထောက်ချုပ်တာဝန်ရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လာရောက်ကြိုဆိုခဲ့ကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဇော်ဝင်းနှင့် အတူထိုင်ခဲ့သည်။
7 Day Daily