ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပွဲအတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လှုံ့ဆော်ရေးကြော်ငြာဘုတ် ၅၀ကျော်
စိုက်ထူပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
““နောက်ပိုင်းလည်း ဆီးဂိမ်းနီးလာရင် ထပ်ပြီး လှုံ့ဆော်ရေးအတွက် ဘုတ်တွေထပ်ထောင်ဖို့ ရှိသေးတယ်။ အခုထိကတော့ အားလုံး ၅၁ ဘုတ်ပဲ ရှိသေးတယ်””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ဆော်ရေးဆိုင်ရာ ဆိုင်းဘုတ်များမှာ သီးသန့်စိုက်ထူထားခြင်းသာဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသည့် ကြော်ငြာဆိုင်းဘုတ်များ မပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆီးဂိမ်းလှုံ့ဆော်ရေးဆိုင်ရာ ဆိုင်းဘုတ်များကို ရန်ကုန်မြို့တွင်သာမက အခြားသော ဆီးဂိမ်းပြိုင်ပွဲ လုပ်ဆောင်မည့်နေရာများတွင်လည်း အများအပြား စိုက်ထူသွားမည်ဖြစ်သည်။ ရန်ကုန်မြို့၌ ဆီးဂိမ်းအားကစားပြိုင်ပွဲ ခြောက်မျိုး ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
လက်ရှိတွင် ဆီးဂိမ်းအားကစားပြိုင်ပွဲနှင့် ပတ်သက်၍ လှုံ့ဆော်မှုများကို ကြော်ငြာဘေလ်ဘုတ်များသာမက ဖျော်ဖြေရေး၊ ရုပ်သံမှတစ်ဆင့် ပညာပေးအစီအစဉ်များ၊ ဇာတ်လမ်းတိုများ၊ ပြိုင်ပွဲများ ပြုလုပ်မှုအများအပြားလည်းရှိနေသည်။
7Day Daily