ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များက မေးခွန်းတစ်ခု ထုတ်လာနိုင်ပါသည်။ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာတော့ ဘာသာဝင်တဲ့ အခမ်းအနားရှိတယ်။ ဗလီထဲဝင်ပြီး နမသ်ကျမ်းဖတ်လိုက်တာနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်သွားတာပဲ၊ ခင်ဗျားတို့ဗုဒ္ဓဘာသာမှာကော ဘာသာဝင်တဲ့ အခမ်းအနားရှိသလား။ ဘယ်အချိန်၊ ဘယ်အရွယ်မှာ ဗုဒ္ဓဘာသာဖြစ်ကြသလဲ။ ခရစ်ယာန်ဘာသာဝင်များကလည်း ကျွန်တော်တို့ ခရစ်ယာန်ဘာသာမှာတော့ ဘာသာဝင်ချင်တဲ့သူကို ရေဖြန်းခြင်း၊ ရေနှစ်ခြင်း တစ်ခုခုလုပ်ပေးရပါတယ်။အဲဒီအခမ်းအနားပြီးတာနဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်သွားတာပါပဲ၊ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေမှာရော ဘာသာဝင်တဲ့အခမ်းအနားရှိသလားဟု မေးခွန်း မေးလာနိုင်ပါသည်။
လွယ်လွယ်နှင့်အဖြေခက်သော မေးခွန်းတစ်ခုပင်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များက ဖြေရမည်မှာ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်း ဘာသာဝင်တဲ့အခမ်းအနားရှိပါတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနဲ့ အကျိုးသွားတွေကို တကယ်သိပြီး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့ ပထမဆုံး သရဏဂုံဆောက်တည်တဲ့နေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဖြစ်တဲ့နေ့ပါပဲဟု ဖြေကြရပေမည်။ သရဏဂုံဆောက်တည်သောအခါတွင်လည်း
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟူသောမြန်မာပြန်ကိုလည်းနားလည်နေရပေမည်။
ဘုရား ဟုဆိုရာ၌လည်း သူလိုကိုယ်လို အမည်ခံဘုရားမျိုးမဟုတ်၊ လောဘ၊ ဒေါသ။ မောဟ စသော ကိလေသာခပ်သိမ်း ကင်းပြတ်ငြိမ်းသဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံသော ဘုရားသာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကိုသိထားရမည်။
တရား ဟုဆိုရာ၌လည်း သာမန်အမည်ခံတရားမျိုးမဟုတ်၊ ကောင်းမွန်စွာဟောကြားအပ်သော၊ မျက်မှောက်ဘ၀၌ပင်အကျိုးပေးနိုင်သော၊ လာကြည့်စမ်းပါဟု ပေါ်ပေါ်ထင်ထင်ခေါ်ပြနိုင်သော၊ အတွေးခေါ်ပညာရှိသောသူတို့သာ သိစွမ်းနိုင်သော တရားတော်သာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကိုသိထားရမည်။
သံဃာ ဟုဆိုရာ၌လည်း မဖောက်မပြန်ကောင်းမွန်မှန်ကန်စွာကျင့်ကြံတော်မူသော၊ နိဗ္ဗာန်ရဖို့အတွက်သာ ကျင့်သော၊ လျော်ကန်သင့်မြတ်သောအကျင့်ကိုသာကျင့်သော၊ လက်အုပ်ချီမိုးရှိခိုးခြင်းငှာ ခံတော်မူထိုက်သော သံဃာသာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကို သိထားရပေမည်။
---
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဘုရားကြီး၏ မြန်မာတို့၏အသက်စာအုပ်မှ ကူးယူဖော်ပြပါသည်။
မည်သည့်ဘာသာခြားများကိုမှ ထိခိုက်ပြောဆိုလိုခြင်းမရှိပါ။ ကြိုက်နှစ်သက်သလိုကူးယူဖြန့်ဝေနိုင်ပါသည်။
ငြိမ်းအိအိစိုး