ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊
ပညာရေး ညီလာခံ ကျင်းပရေး ကော်မတီမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့်
အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း) တွင်လည်း အဆင့်မြင့် ပညာကဏ္ဍတွင်
တက္ကသိုလ်နှင့် ကောလိပ်များသည် ၀န်ကြီးဌာန အသီးသီး၏ တိုက်ရိုက်အုပ်ချုပ်မှုမှ
ကင်းလွတ်၍ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီမှ စီမံခန့်ခွဲခွင့်ရှိသည့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နှင့် ကောလိပ်များ ဖြစ်ရေးကိုလည်း
ထည့်သွင်း အကြံပြုထားကြောင်း
သိရသည်။''မြန်မာနိုင်ငံမှာက
လက်ရှိအခြေအနေ မှာကလည်း တက္ကသိုလ် ပညာရေး ဥပဒေ ရှိပါတယ်။ လက်ရှိတည်ဆဲဖြစ်တဲ့
ဥပဒေအတိုင်းပဲ ကျင့်သုံးနေတာပါ။ မြန်မာနိုင်ငံမှာ အခုလက်ရှိ
ကျင့်သုံးနေတဲ့ လုပ်ဆောင်ချက် အားလုံးက လက်ရှိ တည်ဆဲဥပဒေ အတိုင်းပဲ
ဖြစ်ပါတယ်။ နောင်ဥပဒေတစ်ရပ် ပေါ်လာလို့ ရှိရင်လည်း အဲဒီဥပဒေ အတိုင်းပဲ
ဖြစ်မှာပါ။ ဥပဒေမှာ ဘယ်အချက်တွေ ပါသင့်တယ်။
မပါသင့်ဘူး ဆိုတာကတော့
ဘက်စုံထောင့်စုံကနေ သေသေချာချာ ရေးဆွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်များ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာမယ် ဆိုရင်လည်း စီမံခန့်ခွဲမှုနှင့်
သင်ရိုးညွှန်းတမ်း တွေကလည်း ဥပဒေထဲမှာ ပါဝင်တဲ့အတိုင်း ဖြစ်ရမှာပါ'' ဟု
ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ
တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေသာ
ရလာကြမယ်ဆိုရင် ပိုပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေကို
ခန့်ထားလာနိုင်မှာပါ။ ကျောင်းနဲ့ ပတ်သက်တဲ့ ခွင့်ပြုတဲ့ ဘတ်ဂျက်က
ပုံစံနှစ်မျိုး ရှိလာနိုင်ပါတယ်။ ပြည်ထောင်စု အစိုးရက ပံ့ပိုးတဲ့
ဘတ်ဂျက်နဲ့ ပြည်နယ်အစိုးရက ပံ့ပိုးတဲ့ ဒေသတွင်းဆိုင်ရာ ဘတ်ဂျက်ဆိုပြီး
နှစ်မျိုးပါ။ အဲဒီနှစ်မျိုး စလုံးကိုသာ အသုံးပြုနိုင်မယ်ဆိုရင်
အခုထက်ပိုပြီး လုပ်ခွင့်သာလာမယ်။ ကျောင်းတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
မရသေးသမျှ ကျောင်းရဲ့လိုအပ်ချက်ကို အပြည့်အ၀ အသုံးမပြု နိုင်သေးဘူး။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ
ရလာရင် အနည်းဆုံး အဆင့်အနေနဲ့ ကိုယ့်ကျောင်းအတွက် တကယ်လိုအပ်တဲ့ငွေကို
ကိုယ့်ဘာသာ အပြည့်အ၀ အသုံးပြုလာနိုင်မှာ ဖြစ်တဲ့အတွက် အရည်အသွေး ပြည့်ဝတဲ့
ဆရာ၊ ဆရာမတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ
ပုဂ္ဂလိက ဆရာများ အသင်းချုပ်၊ ဥက္ကဋ္ဌဒေါက်တာ စိုးဝင်းဦးက
သုံးသပ်ပြောပြခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
စနစ်ကို ကျင့်သုံးခဲ့သည့် တက္ကသိုလ်များ ဖြစ်ခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်၊
တော်လှန်ရေးကောင်စီ အာဏာသိမ်း အပြီးတွင် အဆိုပါ စနစ်ကို ဖျက်သိမ်းခဲ့ခြင်း
ဖြစ်သည်။
EMG
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအား တွေ့ရစဉ်