အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 March, 2014

ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို


လှည်းကူးနှင့် မင်္ဂလာဒုံ မြို့နယ်များရှိ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးရာနီးပါး အတွက် မတ်လ ၁၉ ရက်နေ့တွင် စတင်မည့် ပထမနှစ်ဝက် စာမေးပွဲ ကာလအတွင်း ကြို၊ ပို့ယာဉ် မရှိမှုကြောင့် စာမေးပွဲ သွားရောက်ဖြေဆိုရန် အခက်အခဲ တွေ့နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက The Voice သို့ ပြောကြားသည်။ခရီးဝေးသောကြောင့် မနက်ပိုင်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုချိန်အမီ မရောက်နိုင်သောကြောင့် တက္ကသိုလ် အုပ်ချုပ်သူများထံ ကြို၊ ပို့ယာဉ် စီစဉ်ပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရှိ စားသောက်ဆိုင်ခန်း အချို့နှင့် ကျောင်းသား၊ ဆရာများထံက ကောက်ခံ ရရှိသော အလှူငွေတို့နှင့် ကြို၊ ပို့ယာဉ် ငှားရန် စီစဉ်နေကြောင်း၊ သို့သော် ကျောင်းသားဦးရေနှင့် ငှားရမ်းနိုင်သော ယာဉ်အစီးရေ လုံလောက်မှု မရှိကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂထံမှ စုံစမ်း သိရှိရသည်။

“စာမေးပွဲ မီဖို့ဆို မနက် ခြောက်နာရီ ကတည်းက အိမ်က ထွက်ရတယ်။ ကားသုံးဆင့် စီးရတယ်” ဟု ကိုမင်းသုခက ပြောကြားသည်။

စာမေးပွဲ ဖြေဆိုစဉ် ကာလတွင် ယာဉ်ကြော မပိတ်ဆို့ရန်နှင့် ကျောင်းသား၊ ဆရာများ ချောင်ချိစွာ စီးနင်းနိုင်ရန် ခရီးသည်တင် ယာဉ်များ ပိုမို ပြေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်ကို အကူအညီ တောင်းခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

“တကယ်တော့ ကျောင်းက တာဝန်ရှိတဲ့လူတွေ လုပ်ပေးရမယ့် ကိစ္စ။ ကျောင်းသားတွေက ဦးဆောင် လုပ်နေရတယ်။ ဆရာတွေကလည်း တောင်းဆို ပေးခဲ့ပေမယ့် ဆရာတွေ အတွက်တောင် ဘာမှ မလုပ်ပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ပထမနှစ်ဝက် စာမေးပွဲကို မတ်လ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများသည် နံနက်ပိုင်း ဖြေဆိုရမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်စဉ် ကာလတွင် ကြို၊ ပို့ယာဉ်များ ရှိသော်လည်း စာမေးပွဲ ဖြေမည့် မတ်လတွင် လဝက်သာ ယာဉ်ပြေးဆွဲရမည် ဖြစ်သည့်အတွက် ကြို၊ ပို့ယာဉ်များ မရှိတော့ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဆရာများထံမှ သိရှိရသည်။

The Voice Weekly Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...