
ထိုင်းနိုင်ငံမှ L.P Holding Co.,Ltd သည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် သဘောတူညီ၍ တည်ဆောက်ခဲ့သည့် ဆူးလေဘုရားလမ်းရှိ Center Point Tower Hotel စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံအား ဖွင့်လှစ်ခဲ့ပြီးနောက် ဟိုတယ်အခန်း ၃၀၀ ကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟောင်ကောင်အခြေစိုက် Emerald Rose Garden Ltd နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနတို့ သဘောတူညီချက်ဖြင့် အထက်ပန်းဆိုးတန်းလမ်းတွင် တည်ဆောက်နေသည့် Rose Garden Hotel စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း အခန်း ၂၀၀ နှင့် ၂၀၁၄ ခုနှစ်အတွင်း အခန်း ၈၈ ခန်း၊ စုစုပေါင်း ၂၈၈ ခန်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ Shangrila အုပ်စုမှ ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ဆောက်ဆဲဖြစ်သည့် Shangrila Hotel စီမံကိန်းတွင် ဟိုတယ်၊ Serviced Apartment နှင့် စီးပွားရေး အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် အခန်း ၂၄၀ ပါ Serviced Apartment နှစ်လုံးကို ယခုနှစ် နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ Max Myanmar ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် Novotel Yangon Hotel စီမံကိန်းမှာလည်း အခန်း ၃၆၆ ခန်းပါ နိုင်ငံတကာ အဆင့်မီ ဟိုတယ်ဖြစ်ပြီး ယခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေသည်။
စင်ကာပူ Traders Square Ltd မှ ဆောင်ရွက်နေသည့် ဆူးလေဘုရားလမ်းရှိ Traders Square Commercial Complex အား ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေပြီး ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်တွင် ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai Co,Ltd မှ တည်ဆောက်နေသည့် ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ စီမံကိန်းမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် အဆင့်လိုက် ဖွင့်လှစ်နိုင်ရန် သတ်မှတ်ထားသည်။
(Novotel Yangon Hotel စီမံကိန်းအား တွေ့ရစဉ်)
EMG