အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2015

သောက်တော်ဘူးရယ်နဲ့အိုမကွာ ထန်းတို့ မာယာ

‘‘ထန်းပင်ကျရည် ထန်းပင်ကျရည် ချိုသမြမြ ခါးသလေဗျ
 ထန်းပင်ကျရည် ထန်းပင်ကျရည် ချိုသမြမြ ခါးသလေဗျ
 ပုစွန်ဆိတ်ခုန် အမြှုပ်ကလေးတွေကတုန်
 ပုစွန်ဆိတ်ခုန် အမြှုပ်ကလေးတွေက တုန်
တစ်ခွက်သောက်တော့မူး၊ နှစ်ခွက်သောက်တော့ မြူး၊ သုံးခွက်သောက်တော့ မူးသလေးလေး လေ ထန်းပင်ကျရည် ထန်းပင်ကျရည် ချိုသမြမြ ခါးသလေဗျ’’
မုံရွာဦးလေးခန့်ရေးသားပြီး အလင်္ကာကျော်စွာရွှေမန်း(ဦး)တင်မောင်သီဆိုထားသည့်
ထန်းပင်ကျရည်သီချင်းကလေးက ထန်းတောထဲကို မလာလာချင်အောင် ဆွဲခေါ်နေသလိုလို...။
ထန်းရည်ကခုလို နွေဦးပေါက်ကာလမျိုးဆို သာ၍ သောက်လို့ကောင်းတတ်သည်။ မိုးလွတ်ရေလွတ် အခါးရည်ဖြစ်တာကြောင့်ဟု ထန်းရည်သောက်သူများက ဆိုပါသည်။ ထန်းရည်က မူလထွက်တာတော့ ထန်းရည်ချို၊ သို့ပေသိ အခါးရည်ကြိုက်သူတွေအတွက် ထန်းရည်ချိုးဖြင့် ခံလိုက်တော့ ထန်းရည်ခါးဖြစ်သွားသည်။ အပင်ပေါ် ထန်းရည်ချိုးဖြင့်ခံထားလျှင် ပင်ကျရည်ဟုခေါ်ဆိုသည်။
အောက်ရောက်မှ လောင်းတာမျိုးလည်းရှိသည်။ ချိုးကပ်နေသည့်အိုးထဲ ထန်းရည်ချိုကို လောင်းထည့်ရသည်။ လောင်းပြီးပြီးချင်း အမြှုပ်တစီစီနေတတ်သည်။ လေးငါးနာရီလောက်ကြာမှ အမြှုပ်တွေကုန်ကာ ထန်းရည်က စိမ်းလဲ့သွားသည်။ အောက်လောင်းတာမျိုးကျ တကယ့်ထန်းရည်သမားများ အကြိုက်ဟုဆိုသည်။
‘‘တကယ့် ၀ါရင့်ထန်းရည်သမားတွေကျ အောက်လောင်းတာကို ကြိုက်တာ။ ခါးပြီးပြတ်ကျသွားတာ။ ခေါင်းတွေကို တုန်ခါသွားတာပဲ’’ ဟု မြို့သာမှ ဦးအောင်ကိုက ဆိုပါသည်။ ထန်းရည်ခံထားတဲ့ မြူအိုးတွေက နှုတ်ခမ်းနဲ့ မော့သောက်တာမျိုး၊ မသန့်ရှင်းသည့်လက်ဖြင့် ကိုင်တာမျိုးဆို အိုးပျက်တတ်ပါသည်။ ထန်းရည်တွေ ချဉ်သွားတတ်သည်ဟု ထန်းသမားအချို့က ဆိုသည်။
ဟိုအရင်ကတော့ ညနေ နေညိုပြီဆို တစ်နေကုန် နွားထွန်၊ ထယ်ထိုး၊ ထင်းခုတ်ခဲ့ကြတဲ့ တောင်သူတွေ ထန်းတောထဲမှာ ဆုံကြသည်။ ထန်းလျက်ချက်တဲ့ ထန်းသမားတွေက မိတ်ဆွေတွေအတွက် ထန်းရည်နှစ်မြူ၊ သုံးမြူ  လုပ်ပေးထားတတ်သည်။ ကိုယ့်အတွက် ပြင်ဆင်ပေးထားသည့် ထန်းသမား မငြိုငြင်အောင် မြူအိုးကောက်၊ အိုးဆေးကူပေးတတ်ကြသည်။ ပြီးလျှင် ထိုင်လို့ကောင်းမယ့် ထန်းပင်အောက် ဖျာလေး၊ သက္ကလပ်ကလေးခင်းကာ ထန်းရည်ဝိုင်းဖွဲ့တတ်သည်။ မြို့သာ နယ်ဘက်ဆိုလျှင်  အမေဂျမ်းနယ်တစ်ရိုးဖြစ်တာမို့ အမေဂျမ်းနတ်ကို ထန်းရည်တစ်မြူ အရင်ဆက်သရသည်ဟု မြို့သာမှ ထန်းတောင်သူများကဆိုပါသည်။
ထန်းရည်ချိုက အချိုဓာတ် များသည်။ သောက်ပါများလျှင် ခေါင်းနည်းနည်းနောက်သည်။ အကြောတက်တတ်သည်။ ခဏတစ်ဖြုတ်လေး မှိန်းချင်စိတ်ပေါ်တတ်ပါသည်။ ထန်းရည်ခါးကတော့ ခါးသက်သက်အရသာဖြင့် မွှေးပြီး ဆိမ့်နေသည်။ နှစ်ယောက်တစ်မြူလောက်ဆိုရင်ကို မူးပါပြီ။ ထန်းရည် တကယ်မူးလာပြီဆို နောက်လန်လဲကျတတ်သည်။ ထန်းရည်က ကျန်းမာရေးအတွက် ဆီးကောင်းဝမ်းကောင်းကာ ၀ဖြိုးစေသည်ဟု ထန်းရည်သောက်သူများက ဆိုပါသည်။ တချို့ကတော့ ထန်းရည်ကို အညောင်းပြေ၊ အညာပြေသောက်သည်ဟု ဆိုသည်။ ထန်းရည်မူးပြီး အိမ်ပြန်တော့ ဘာမှမစားနိုင်၊ မသောက်နိုင်တော့ဘဲ အိပ်ရာထဲတန်းထိုး အိပ်တတ်ကြသဖြင့် ညောင်းလို့ ညောင်းမှန်းတောင် မသိရတော့။
ထန်းရည်ဝိုင်းတွင် ဆီနှင့် နှပ်ထားသည့် လက်ဖက်ပွဲကလေးပါသည်။ ငါးပိကို ဟင်းအိုးစလောင်းဖုံးတွင်ကပ်ကာ မီးကင်ပြီး ကျက်ပြီဆိုခွာကာ ဆီနှင့် နှပ်ထားသည့် ငါးပိဖုတ်ကလေးလည်း ပါတတ်သည်။ ပဲကြီးလှော်၊ ပဲကျားလှော်လေးတွေကလည်း မပါမဖြစ်။ မြူအိုးထဲက ထန်းရည်လေး အုန်းမှုတ်ခွက်ဖြင့် ခပ်သောက်လိုက်၊ ပါးစပ်ထဲ ငါးပိလေး တစ်တို့လောက်၊ ပဲကြီးလှော်လေး သုံး လေး ငါးလုံးလောက် ပါးစပ်ထဲ ပစ်ထည့်လိုက်ဖြင့် ဇိမ်ယူတတ်ကြသည်။
သို့သော် ဘယ်လောက် ကျန်းမာရေးကောင်းပါတယ် ဆင်ခြေပေးပေး ထန်းရည်အသောက်များလျှင် အမူးသမားထုံးစံ ယစ်တာ၊ ပြုတာ ဖြစ်လာတတ်သည်မို့ အိမ်က သားမယားတွေက ထန်းရည်သောက်တာ ကြိုက်လေ့မရှိ။ ထန်းရည်သမားတွေကလည်း အချိန်တန်အိမ်ပြန်မလာ ရွာထဲမီးတွေထွန်းပြီဆိုမှ ပြန်လာတတ်ကြသည်။ ပြောမရ ဆိုမရ ထန်းရည် မူးပြန်လာသည့် လင်ယောက်ျားကို အိမ်ကမယားက ကရုဏာ ဒေါသောဖြင့် ဆဲတတ်သည်။ ‘‘ထန်းတောထဲကအပြန် မြွေကိုက်သေပါစေတော်’’ဟု။ ထန်းရည်သမားကလည်း ရှင်းသည်။ ‘‘ငါကမြွေအိပ်ချိန်မှ ပြန်လာတာ’’ဟု ပြန်ပက်သည်။
ဇနီးမယားတွေက ကိုယ့်လင်ယောက်ျားထန်းရည်သောက်တာကို တားမြစ်တာကလည်း မဆန်း။ ထန်းရည်နဲ့ ပတ်သက်တဲ့ ရှေးစာချိုးတွေက တစ်ပုံ တစ်ပင်မို့လား။ ကာတွန်းကြည်ဝင်း၏ ‘‘မြန်မာ့မြေမှ မြန်မာ့ထန်း’’ စာအုပ်တွင် ထန်းရည်နဲ့ ပတ်သက်၍ ရှေးစာဆိုတချို့တွေ့ရသည်။ ဘာတဲ့။ ‘‘အမူးပြေ ထန်းနို့ မော့ကြည့်’’တဲ့။ ‘‘ထန်းရည်ခါး သောက်သူတို့သည် ထန်းရည်ခါးကို အလွန်အကျွံသောက်ပြီး မူးသည့်ဒဏ် မခံနိုင်၍ ဖြစ်စေ၊ ဇနီးမယားက အပြစ်တင်ရန်ထောင်၍ ဖြစ်စေ၊ လူကြီးများက ဆုံးမ၍ ဖြစ်စေ မသောက်တော့ပါဟု ကတိပေးဆုံးဖြတ်ချက် ချထားသော်လည်း ထိုသူအမူးပြေသည့်အခါ မသောက်ဘဲ မနေနိုင်ဖြစ်ကာ ထန်းပင်အောက်ရောက်သည့်အခါ ထန်းပင်ပေါ်မှာ ထန်းနို့ကို တပ်မက်စွာ မော့ကြည့်နေသည့် ထန်းရည်သမားကို ဆိုလိုခြင်းဖြစ် ပါသည်’’ဟု ရေးသားထားသည်။
ဆရာကာတွန်း ကြည်ဝင်းက ရေးသားထားသေးသည်။ ‘‘သောက်လေ သောက်လေ ငတ်မပြေ၊ ထန်းရည် သုံးမျိုး၊ ရသာအိုး’’ တဲ့။ ‘‘ထန်းရည်ဟူသည် သောက် လေ၊ သောက်လေ ငတ်မပြေသည့်အထဲတွင် ပါဝင်၏။ ထန်းရည်သုံးမျိုးရှိရာ (၁) ရဟန်းကြီးကြိုက်၊(၂) အပျော်သောက်သူ အကြိုက်၊(၃) ထန်းရည်ချိုး ကပ်သူတို့ အကြိုက် ဖြစ်ကြ၏။ ‘‘ရဟန်းကြီး အကြိုက်ဆိုသည်ကား ပုဂံခေတ်က ရှင်မထီးတို့ သောက်သုံးကြသည့် ချိုခါးခါးထန်းရည်ပင်ဖြစ်ပေသည်’’ဟု ရေးသားထားသည်။
နောက်ဆုံး တစ်ခုလည်း တွေ့ရပြန်သည်။ ‘‘ထန်းရည်မူး ကျွဲခိုးပေါ်’’တဲ့။ ‘‘ကျွဲခိုးထားသည့် လူတစ်ယောက်သည် အပေါင်းအဖော်များနှင့် ထန်းရည်သောက်နေစဉ် ထန်းရည်မူးလာသည့်အခါ မူးမူးနှင့် တောပြော တောင်ပြော ပြောရာမှအစ သူကျွဲခိုးခဲ့သည့် အကြောင်းကိုပါ ပြောဆိုလာသည့်အဖြစ်ကို ဆိုလိုခြင်းဖြစ်ပါသည်’’ ဟု ဆရာ ကာတွန်းကြည်ဝင်းက ရေးသားထားသည်။ ပြောရမည်ဆိုလျှင် ထန်းရည်နဲ့ ပတ်သက်သည့် စာချိုးတွေက တစ်ခုမှ ခပ်ကောင်းကောင်းမပါသည်မို့ ဇနီးမယား တားမည်ဆိုလည်း တားလောက်ပါသည်။
သို့သော်ယခုခေတ်မှာတော့ဖြင့် ဇနီးမယားတွေ မြည်တွန် တောက်တီးခဲ့ကြသည့် ထန်းတောထဲက ထန်းရည်ဝိုင်းတွေ တဖြည်းဖြည်းကွယ်ပျောက်စပြုလာပါပြီ။ ထန်းလျက်ဈေးက မကောင်းတော့ ထန်းသမားတွေ ထန်းတောထဲ မကပ်နိုင်တော့။ ရေကြည်ရာ မြက်နုရာ ပြည်တွင်း ပြည်ပသို့ထွက်ကာ အလုပ်ကြမ်းမျိုးစုံလုပ်ကိုင်နေကြရသည်။ ထန်းရည်ကတော့ ရှားသွားတာမျိုးမဟုတ်။ မြို့က ဖြတ်သွားဖြတ်လာလူတွေ သောက်ရအောင် ရေသန့်ဘူးလေးဘာလေးဖြင့် လမ်းဘေးချရောင်းနေတဲ့ ဆိုင်လေးတွေတော့ ရှိသည်။ သို့သော် ဟိုအရင်တုန်းက ထန်းတောထဲက ထန်းရည်ဝိုင်းလောက် သောက်မကောင်းဟု ထန်းရည်သောက်သူများက ဆိုပါသည်။
ပြီးတော့ ခေတ်ကာလ ရွေ့ လျားလာခဲ့သဖြင့် ထန်းရည်အစားဘီယာဆိုင်ယဉ်ကျေးမှုက ကျေးလက်အထိပါ အရှိန်အဟုန်ပြင်းပြင်း စီးဝင်လာနေပါပြီ။ ‘‘အခုခေတ် ကလေးတွေက ပုဆိုးဝတ်တတ်ပြီဆိုကတည်းက ဘီယာဆိုင်တွေမှာ သောက်နေကြတာ’’ ဟု မြို့သာမှ ဦးအောင်ကိုကဆိုပါ သည်။
မြို့ကြီးသားမြို့ကြီးသူတွေကတော့ ကျေးလက်တွေဘက် ခရီးဆန့်ရင်းလမ်းဘေးက တောသဘာဝထန်းရည်ဆိုင်လေးတွေဆီ တစ်ခွက်တစ်ဖလား ၀င်မော့တတ်ကြသည်။ ငါးကြော်လေး၊ ကြွက်ကြော်လေးဖြင့် ထန်းရည် အရသာခံတတ်ကြသည်။ သောက်ရင်း၊ စားရင်း မြို့ပေါ်ကဘီယာဝိုင်းနှင့်လည်း နှိုင်းယှဉ်တတ်ကြပါသေးသည်။ ကဲ . . .  နွေဦးကာလ မြူကတော့ ထလေပြီ။ ကျေးလက်က ထန်းရည်ဝိုင်းနှင့်မြို့ ပေါ်က ဘီယာဝိုင်း ဘယ်ဟာက ပိုကောင်းသလဲဆိုတာ မတိမ်းမစောင်း ဗိန်းဗောင်းဖြင့် ပြိုင်လိုက်ချင်စမ်းပါဘိ။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...