![]() |
အပိန်လွန်တဲ့ မော်ဒယ်လ်တွေကို တားမြစ်ပိတ်ပင်ဖို့ ပြင်သစ်ကြိုးစား (Credit: ABC) |
ပြင်သစ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးရဲ့ အဆိုအရ အပိန်လွန်တဲ့ မော်ဒယ်လ်တွေကို တားမြစ်ဖို့ ကြိုးစားမှာဖြစ်သလို ပိန်လွန်းတဲ့ မော်ဒယ်လ် ကို ငှားရမ်း သရုပ်ဆောင်ခိုင်းတဲ့ အေဂျင်စီနဲ့ ဖက်ရှင် လုပ်ငန်းရှင်တွေကိုပါ ဖမ်းဆီးထောင်ချဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံဟာ ဖက်ရှင်နဲ့ ဇိမ်ခံပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ နိုင်ငံဖြစ်ပြီး ယူရို သန်းထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းက အီတလီ၊ စပိန်နဲ့ အစ္စရေးနိုင်ငံတို့က အပိန်လွန်တဲ့ မော်ဒယ်လ်တွေကို ဖက်ရှင်ရှိုးပွဲမှာ လမ်းလျှောက်ခွင့်မပေးတာတွေ၊ ကြော်ငြာခွင့် မပြုတာတွေ လုပ်လာပြီးနောက် ပြင်သစ်ကလည်း အလားတူ လုပ်ဆောင်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
ဖက်ရှင် မော်ဒယ်လ် အမျိုးသမီးတွေကို တခြား အမျိုးသမီးတွေက အားကျ လိုက်တုလေ့ရှိတာကြောင့် မော်ဒယ်လ်တွေအနေနဲ့ ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်ကို လူတွေ သိအောင် လုပ်ဆောင်ရမယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
တချို့လူတွေဟာ မော်ဒယ်လ်လို လှပချင်စိတ်တွေကြောင့် အစားအသောက်တွေကို မစားပဲ နေထိုင်တာတွေ များပြားပြီးနောက် အခုလို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပိန်မှ လှတယ် ဆိုတဲ့ အယူအဆမှားတွေ ကြီးစိုးမှု မရှိအောင် လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
မော်ဒယ်လ်တွေကို ပုံမှန် အလေးချိန်မှာဖြစ်ပြီး သတ်မှတ်တဲ့ အလေးချိန်အောက် ရောက်နေတဲ့ မော်ဒယ်လ်တွေကို ထပ်ပြီး အလုပ်ခန့်နေမယ်ဆိုရင် ဒေါ်လာ ရှစ်သောင်းနီးပါးအထိ ဒဏ်ရိုက်မှာဖြစ်သလို ထောင် ၆ လ ချမယ်လို့လည်း ဥပဒေကြမ်းမှာ ပါရှိပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဥပဒေမူကြမ်းကို အစာအဟာရ ဆိုင်ရာ ကျန်းမာရေးလုပ်သားအဖွဲ့က ကြိုဆိုလိုက်ပြီး ဒီဥပဒေကြောင့် အစား စားရမှာကို ကြောက်တဲ့ အမျိုးသမီးငယ်တွေ လျော့ကျသွားနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ပြင်သစ်နိုင်ငံမှာ အစား စားရမှာကို ကြောက်တဲ့ anorexia ဝေဒနာကို ခံစားရသူ လူပေါင်း သုံးသောင်းကနေ လေးသောင်းအထိ ရှိတယ်လို့ သိရပြီး အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ABC Radio Australia