၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို နယ်သာလန်နိုင်ငံ ဟေ့ဂ် အခြေ စိုက် ဓာတုလက်နက်
စောင့်ကြည့်ရေးအဖွဲ့(OPCW) ကရရှိသွားခဲ့ သည်။ ၁၉၉၇ ခုနှစ်က
စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၀ ပါဝင်သည့် OPCW အဖွဲ့သည်
ပြည်တွင်းစစ် ဖြစ်နေသော ဆီရီးယားနိုင်ငံ၏ ဓာတုလက်နက်များ ဖျက်ဆီးရေး
အစီအစဉ်အတွက် ကြီးကြပ်လုပ်ဆောင်ခွင့် ရခဲ့ခြင်းသည် နိုဗယ်ဆုအတွက် အပြည့်အဝ
ထိုက်တန်သွား ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် နိုဗယ်ဆုသည် ဆီရီးယားနှင့် အနောက်နိုင်ငံများ အကြား စစ်ရေး၊ ဆက်ဆံရေး စသည့် နိုင်ငံတတကာ ဆက်ဆံရေး အသွင်သစ်များကို ပိုမိုသိမ်မွေ့သွားစေခဲ့ပြီ။ ထိုမျှမက အတိမ်းအစောင်းမခံနိုင်သည့် ဓာတုလက်နက် ကဲ့သို့သော အရာများကို တာဝန်ယူ စစ်ဆေးပေးရသည့် OPCW ကဲ့သို့သော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြလိုက်သလို ထင်ရှားသွားစေခဲ့သည်။ အလားတူပင် လက်ရှိအချိန်တွင် ဓာတုလက်နက် အမြောက်အများ ပိုင်ဆိုင်ထားသော အမေ၇ိကန်၊ ရုရှား ကဲ့သို့သော နိုင်ငံကြီးများအတွက်လည်း ယင်းလက်နက်များ ဖျက်သိမ်းရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အမေရိကန်သမ္မတ အိုဘားမားကလည်း ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ Jay Carney ကလည်း ယခုဆုသည် ဓာတုလက်နက် တာဆီးရေး အစီအစဉ်များကို တစ်ကမ္ဘာလုံးက အပြည့်အ၀ အာရုံစိုက်လာစေရန် တွန်းအားကောင်းပေး လိုက်သလို ဖြစ်သွားသည်ဟု ဆိုသည်။ အမေ၇ိကန်သည် ဆီရီးယားအရေးတွင် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များ၌ OPCW အဖွဲ့ ပူးပေါင်းပါဝင်ခွင်ရရန် အပြည့်အ၀ ထောက်ခံမှုပေးခဲ့သည်။ အိမ်ဖြူတော်က OPCW ၏ လုပ်ဆောင်ချက်များကြောင့် အနာဂတ် မျိုးဆက်သစ် များသည် ဓာတုလက်နက်ဆိုးများ ကင်းစင်သည့် ကမ္ဘာတွင် နေထိုင်ခွင့်ရနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် နိုဗယ်ဆု အတွက်လျာထားခြင်းခံခဲ့ရသည့် စာရင်းတွင် ထိပ်ဆုံးမှ ပါခဲ့သော ပါကစ္စတန်ကျောင်းသူ မာလာလာမှာမူ ဆုနှင့် လွဲခဲ့ရသည်။ သူမကို နှစ်သက်သူများစုက အမျိုးသမီးများ၏ ပညာရေးနှင့် အခွင့်အရေးအတွက် ယင်းဆုကို ရမည်ဟု ထင်ခဲ့သော်လည်း အထင်နှင့်အမြင် လွဲခဲ့ရ၍ ဆုရွေးချယ်ရေးအပေါ် မကျေနပ် ဖြစ်ကြသူ များစွာ ရှိနေ၏်။
မာလာလာ ကိုယ်တိုင်ကမူ စိတ်ပျက်မှုမရှိကြောင်း ဆိုသည်။ လက်နက်များသုံးသည့် မည့်သည့် စစ်ပွဲမှ အောင်ပွဲခံနိုင်မည်မဟုတ်၊ ပညာရေးကသာလျှင် တစ်ခုတည်းသော ဖြေရှင်းနိုင်သည့် နည်းလမ်းဟု ကြွေးကြော်ထားသည့် သူမသည် မွေးရပ်မြေမှ မိန်းကလေးများစွာအတွက်မူ စံပြ အောင်မြင်သူ တစ်ဦး ဖြစ်နေဆဲ ဆိုသည်ကို မည်သူမှ မငြင်းနိုင်ကြပေ။
Ref; NYT,WST
မြန်မာ့ခေတ်