တိုက်ပွဲဆင်နွှဲခြင်း
အဆင့်ဆင့် စစ်ကစားလှုပ်ရှားခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း
မြန်မာသက္ကရာဇ် ၁၁၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့၊ ခရစ်နှစ် ၁၈၂၄ ခု၊ မေလအတွင်းတွင် ဓည၀တီကြောင်းချီ ဗိုလ်မှူးဝန်ကြီး သတိုးမင်းကြီးမဟာဗန္ဓုလသည် လက်ဝဲစစ်ကဲအတွင်းဝန် မင်းကြီးမဟာသီဟသူရနှင့် တပ်ပါရဲမက် ၃၀၀၀ ကျော်၊ လက်ယာစစ်ကဲမင်းကြီး မဟာမင်းလှရာဇာနှင့် တပ်ပါရဲမက် ၃၀၀၀ ကျော်၊ ဓည၀တီမြို့ဝန် မဟာမင်းကြီးကျော်စွာ နှင့်တပ်ပါရဲမက် ၃၀၀၀ ကျော် အသီးသီးတာဝန် ခွဲဝေပေးအပ်ပြီး ထိုတပ်တို့အား ဂေါ့တော့ပလ္လင်အရောက် သိမ်းယူရန် ချီတက်သွား၏။
ပန်းဝါအရပ်တွင် တပ်စွဲလျက်ရှိသော ကပ္ပတိန်နော်တင်သည် မြန်မာတပ်များ ချီတက်လာပြီဟူသော သတင်းကို ကြားရသောအခါ သူ၏လက်အောက်တွင်ရှိသော အမှတ်(၂၃)အိန္ဒိယ အမျိုးသားခြေလျင်တပ်ရင်း၊ အပျော်တမ်းတပ်၊ ရခိုင်စစ်ဝန်ထမ်း ၁၀၀ တို့ကိုကွပ်ကဲ၍ မြန်မာတပ်များ ချီတက်လာသည့် စစ်ကြောင်းကို ဆီးကြိုတိုက်ခိုက်ရန် ချီတက်စေလေသည်။ မြန်မာတပ်ဖွဲ့များသည် ဂေါ့တော့ပလ္လင်ရှိ အင်္ဂလိပ်တို့၏ ခံကတုတ်နေရာမှ လေးဖာလုံမျှ ကွာဝေးသောနေရာသို့ ရောက်သောအခါ ချီတက်ရာလမ်း၏ လက်ဝဲဘက်ရှိ အရပ်အနေ သင့်လျော်သော တောင်ကုန်းတခုတွင် ခံကတုတ်များပြုလုပ်၍ တပ်စွဲထားသည်။
ပန်းဝါမှချီတက်လာသော ကပ္ပတိန်နော်တင်၏ တပ်များသည် မြန်မာတို့တပ်စွဲရာနေရာအနီးသို့ ရောက်သောအခါ မြန်မာတို့၏ ပြင်းထန်စွာပစ်ခတ် တိုက်ခိုက်ခြင်းကိုခံရသဖြင့် ယင်းတောင်ကုန်း၏ နောက်ဘက်ရှိ မြေပြန့်သို့ကွေ့ဝိုက်၍ ဆုတ်ခွာသွားရလေသည်။ ညအချိန်သို့ ရောက်ရှိသောအခါ မြန်မာတပ်တို့က မြေပြန့်ရှိ အင်္ဂလိပ်တပ်တို့ကို သွားရောက် တိုက်ခိုက်ရာ တိုက်ပွဲမှာပြင်းထန်၍ သုံးနာရီကျော်ကြာလေသည်။ ကပ္ပတိန်နော်တင်၏တပ်တို့သည် ညတွင်းချင်းပင် ပန်းဝါသို့ပြန်လှည့် ဆုတ်ခွာသွားခဲ့ရလေသည်။ အင်္ဂလိပ်တို့ဘက်မှ ဗိုလ်ဘင်းနက်နှင့် ဗိုလ်ကင်းဘဲလ်တို့ ဒဏ်ရာရ၍ (၇)ယောက်ပျောက်ဆုံးပြီး ဒဏ်ရာရစစ်သား ၁၁ ယောက်တို့ကို သယ်ယူသွားကြလေသည်။
ပန်းဝါသို့ရောက်သောအခါ ကပ္ပတိန်နော်တင်သည် စစ်တကောင်းမှ စစ်ကူရောက်သည်အထိ အချိန်ဆွဲ၍ခုခံရန် ဆုံးဖြတ်လိုက်လေသည်။ အိန္ဒိယတိုင်းရင်းသားခြေလျင်တပ်ရင်းမှ တပ်ခွဲ ၃ ခွဲကို ထပ်မံအင်အား ဖြည့်တင်းလိုက်သဖြင့် စုစုပေါင်းအင်အား ၁၀၀၀ ကျော်ရှိလာသည်။
၁၈၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့နံနက်တွင် မြန်မာတပ်များသည် ဂေါ့တော့ပလ္လင်မှပန်းဝါသို့ ချီတက်သွားကြလေသည်။ ၎င်းနောက် ပန်းဝါ၏အရှေ့ဘက် မြစ်တဖက်ကမ်းရှိ တောင်ကုန်းများကို သိမ်းပိုက်၍ တပ်စွဲထားလိုက်ကြလေသည်။ ယင်းသို့ဖြင့် မြန်မာတပ်များနှင့် အင်္ဂလိပ်တပ်များမှာ ချောင်းငယ်တခုသာ ခြားနေလေသည်။ အင်္ဂလိပ်တို့ကလည်း ပန်းဝါတွင်အခိုင်အမာ တပ်စွဲနေလေသည်။ မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာတပ်များသည် မြစ်ကိုဖြတ်ကူးရန် ချီတက်လာရာ အင်္ဂလိပ်တို့ဘက်မှ (၆)ပေါင်ဒါအမြောက် ၂ လက်ဖြင့် ပစ်ခတ်တားဆီးခဲ့သည်။
မေလ ၁၅ ရက်နေ့နံနက်တွင် မြန်မာတပ်များသည် အင်္ဂလိပ်တပ်၏ အထက်ဘက်မှနေ၍ မြစ်ကိုဖြတ်ကူးပြီးလျှင် အင်္ဂလိပ်တို့၏တပ်စခန်းကို ၀န်းရံတည်ရှိနေသောကန်၏ ကန်ပေါင်ရိုးမှနေ၍ ၀ိုင်းဝန်းပစ်ခတ်ကြလေသည်။ ကပ္ပတိန်နော်တင်သည် သူ၏တပ်ကို အနောက်ဘက်ရှိ ကန်တကန်၏ သုံးပေမျှမြင့်သော ကန်ပေါင်ရိုးနောက်ဘက်သို့ ရွှေ့ပြောင်းနေရာချထားလိုက်၏။ ထိုနေရာမှ ညာဘက်ခြေလှမ်းပေါင်း ၆၀ ခန့်တွင် သူ၏တပ်မှ ကင်းစောင့်တပ်စုရှိနေပြီး အရှေ့အရပ်စစ်မျက်နှာဘက်တွင်ကား ပန်းဝါမြစ်ရှိနေ၏။ ထိုမှလက်ဝဲဘက်ရှိ ရေကန်ပေါင်ရိုးတွင် ရခိုင်စစ်ဝန်ထမ်း တပ်ဖွဲ့များက နေရာယူထား၏။ အရှေ့ဘက် ကန်ပေါင်ရိုးတလျှောက်တွင် စစ်ဗာရီတပ်ခွဲက ၆ ပေါင်ဒါအမြောက်ဖြင့် နေရာယူထား၏။ ထိုအရှေ့ဘက် မျက်နှာမှနေ၍ လွင်ပြင်ကိုဖြတ်သန်းကာ ကန်ပေါင်ရိုးဆီသို့ ဖြတ်သန်းလာမည့် မြန်မာတို့ကို စောင့်ဆိုင်းပစ်ခတ်ရန် တာဝန်ပေးထား၏။ သို့သော်လည်း မြန်မာတို့မှာ တွေ့ရသမျှသော အကာအကွယ်တို့ကို ကျွမ်းကျင်စွာအသုံးပြုလျက် မြေကတုတ်ကျင်းများကိုတူးကာ မမျှော်လင့်သောနေရာများမှ ပေါ်ထွက်လာလေ့ရှိ၏။
မေလ ၁၆ ရက်နေ့ နံနက်ရောက်သောအခါ မြန်မာတို့သည် မြေကတုတ်တူးမြောင်းများ တူး၍လာရာ အင်္ဂလိပ်တပ်စခန်း၏ ရှေ့နားသို့ပင် ရောက်ရှိလာသည်။ ဤအခြေအနေတွင် တဖက်နှင့်တဖက် တနေကုန်ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသော်လည်း စစ်ပွဲ၏အခြေအနေကား ထူးထူးခြားခြား ပြောင်းလဲမလာချေ။ အင်္ဂလိပ်တို့ဘက်တွင် ထိုအချိန်က အမြောက်တပ်၌ တွဲဖက်တာဝန်ချထားသော အင်အားဖြည့်တပ်သားများမှာ အမြောက်စခန်းကို စွန့်ခွာသွားကြပြီဖြစ်သဖြင့် အမြောက်တပ်မှူးမှာ မည်သို့မျှမတတ်နိုင်တော့ချေ။ ထိုအခြေအနေတွင် နောက်ထပ်စစ်ကူမလာပါက အင်္ဂလိပ်တို့ဆုတ်ခွာရန် သေချာနေတော့၏။
မေလ ၁၇ ရက်နေ့ နံနက်ခင်း၌မူကား မြန်မာတို့၏ တူးမြောင်းကတုတ်များမှာ အင်္ဂလိပ်တို့ ကင်းစောင့်နေရာမှ ခြေလှမ်း ၁၂ လှမ်းအကွာ အတွင်းသို့ပင် ရောက်ရှိလာပြီး အင်္ဂလိပ်တပ်ဆီသို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေ၏။ နံနက် ၀၉၀၀ နာရီတွင် အင်္ဂလိပ်တို့၏ အင်အားဖြည့်တပ်များနှင့် ရခိုင်စစ်ဝန်ထမ်းတပ်များသည် မိမိတို့နေရာယူထားသော ကန်ပေါင်ရိုးခံစစ်ကြောင်းကို စွန့်ခွာထွက်ပြေးလာခဲ့ကြရာ ထိုနေရာများကို မြန်မာတို့ကချက်ချင်း နေရာယူလိုက်ကြသည်။ အခြေအနေမှာ ဆက်လက်ခုခံရန် မတတ်နိုင်လောက်သော အခြေအနေဖြစ်လေရာ ကပ္ပတိန်နော်တင်သည် သူ၏တပ်ကို နောက်သို့ဆုတ်ခွာရန် အမိန့်ပေးရလေသည်။
တိုက်ပွဲအဆုံးသတ်ခြင်း
ဤသို့ဆုတ်ခွာနေရစဉ် မြင်းတပ်ဖွဲ့တဖွဲ့ဦးဆောင်သော မြန်မာတို့သည် စစ်ငြာသံများဟစ်ကြွေးလျက် ရဲဝံ့စွာလိုက်လာပြီး ဆုတ်ခွာနေသော အင်္ဂလိပ်တပ်ကို ဓါးများဖြင့်အတင်းဝင်ရောက် ခုတ်ပိုင်းကြလေ၏။ အင်္ဂလိပ်တပ်မှာ ထိန်းသိမ်း၍မရနိုင်တော့ပဲ ကစဥ့်ကလျားအတင်း ဆုတ်ခွာရလေသည်။ နောက်ဆုံး ချောင်းငယ်တခု ကာဆီးနေသော နေရာသို့ရောက်သောအခါ စစ်ဗာရီတပ်များသည် သူတို့၏သေနတ်များနှင့် စစ်ဝတ်တန်ဆာများကို ချွတ်ခွာလွှင့်ပစ်ပြီး ရေထဲသို့ခုန်ဆင်း ထွက်ပြေးကြလေတော့သည်။
ဤတိုက်ပွဲသည် အင်္ဂလိပ်တို့ဘက်မှ ကပ္ပတိန်နော်တင်၊ ကပ္ပတိန်ထရူးမင်း၊ ကပ္ပတိန်ပရင်ဂလေး၊ ဗိုလ်ဂရစ်၊ ဗိုလ်ဘင်းနက်၊ လက်ထောက်ဆရာဝန် ပေစမိုးတို့ ကျဆုံးသွားပြီး ဗိုလ်စတော့၊ ဗိုလ်ကင်းဘဲလ်တို့မှာ ဒဏ်ရာရရှိသွားလေသည်။
အင်္ဂလိပ်တို့၏စစ်မှတ်တမ်းများ၌ အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲနေသော ကပ္ပတိန်နော်တင်၏တပ်မှာ တပ်သား ၆၀၀ ကျော် ၇၀၀ ခန့်သာ စစ်တကောင်းသို့ ရောက်ရှိလာကြောင်း၊ ကျဆုံးသူနှင့် ဖမ်းဆီးခံရသူပေါင်း ၂၅၀ ထက်ကျော်လွန်မည် မဟုတ်ကြောင်း ဖော်ပြထား၏။ မြန်မာတို့ဘက်မှ မှတ်တမ်းတွင်မူကား အင်္ဂလိပ်စစ်သည်အပေါင်းတို့ မခံနိုင်၍ ထွက်ပြေးကြသည်ကို ရဲမက်တော်တို့ လိုက်လံထိုးခုတ်သတ်ညှစ်ရာ အကြီးပြုသူအင်္ဂလိပ်ဗိုလ်နှင့် စစ်ဗာရီကုလား အများအပြားကျဆုံးသည်။ သေနတ် ၅၀၀ ကျော်၊ ရထားတင်အမြောက် (၆ ပေါင်ဒါအမြောက်)၊ သင်္ဘော၊ မြင်းအစီး ၂၀၊ ဆင် ၅ စီး ရမိလိုက်၏ဟု ဖော်ပြထားလေသည်။
ပန်းဝါတိုက်ပွဲတွင် အင်္ဂလိပ်တို့အရေးနိမ့်ခဲ့သဖြင့် မြန်မာတပ်များသည် စစ်တကောင်း၊ဒက္ကာနှင့် ကာလကတ္တားမြို့များအထိ ချီတက်တိုက်ခိုက် သိမ်းယူလိမ့်မည်ဟု အင်္ဂလိပ်တို့တွေးထင်ပြီး စစ်ကူတပ်များကို စစ်တကောင်းမြို့သို့ မေလ ၂၄ ရက်နေ့တွင် ပို့ထား၏။ ဒက္ကာမြို့နှင့် ကာလကတ္တားမြို့များကိုလည်း ဗြိတိသျှတပ်များသည် နေ့ညမပြတ် လက်နက်စွဲကိုင်၍ စောင့်ရှောက်ခဲ့ကြ၏။
စစ်သူကြီးမဟာဗန္ဓုလသည် ရေတပ်အင်အားကြီးမားသော အင်္ဂလိပ်တို့၏ သေနင်္ဂဗျူဟာ နည်းပရိယာယ်ကို ရိပ်စားမိသောကြောင့် အတွင်းဝန်မင်းကြီး မဟာသီဟသူရဦးစီးသော မြန်မာတပ်များအား နယ်ကျွံအောင် မတိုက်ခိုက်စေခဲ့ပေ။ ပန်းဝါအရပ်တွင် အောင်ပွဲခံပြီးနောက် စစ်တကောင်းသို့ ဆက်လက် ချီတက်သိမ်းယူရန် ပြင်ဆင်နေစဉ် တပ်တော်မှူး ဗိုလ်မှူးသတိုးမင်းကြီးမဟာဗန္ဓုလထံမှ “ချီတက်သိမ်းယူခြင်းမပြုနှင့်” ဟု အတန်တန် အမိန့်ထုတ်ဆင့်လိုက်သဖြင့် စစ်တကောင်းအရောက် ချီတက်ခြင်းမပြုခဲ့ရပေ။ သို့သော် မြန်မာတပ်များသည် စစ်တကောင်းသို့ သွားရာလမ်းမှ ကောက်ဘဇာ (Cox’s Bazaar)၏ မြောက်ဘက်တွင်ရှိသော ချက်ကာရီးယား (Chekeria) ဟူသော ရွာငယ်အထိချီတက် တပ်စွဲ၍နေလိုက်ကြ၏။
တိုက်ပွဲအရှုံးအမြတ်
အင်္ဂလိပ်တပ် လူ/လက်နက်/ပစ္စည်းဆုံးရှုံးမှု
ပန်းဝါတိုက်ပွဲတွင် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်စစ်သား ၃၀၀ ကျော်နှင့် ကပ္ပတိန်နော်တင်၊ ကပ္ပတိန်ထရူးမင်း၊ ကပ္ပတန်ပရင်ဂလေး၊ ဗိုလ်ဂရစ်၊ ဗိုလ်ဘင်းနက်၊ လက်ထောက်ခွဲစိတ်ဆရာဝန်ပေစမိုးတို့ကျဆုံးပြီး ဗိုလ်စတော့နှင့် ဗိုလ်ကင်းဘဲလ်တို့မှာ ဒဏ်ရာရရှိသွားသည်။ မြန်မာစစ်တပ်တို့က အင်္ဂလိပ်စစ်သား ၂၅၀ ကျော်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် သေနတ်အလက် ၅၀၀ ကျော်၊ ရထားတင်အမြာက် ၂ လက်၊ စစ်မြင်း ၂၀၊ ဆင် ၅ စီးကိုပါ ရရှိလိုက်လေသည်။
မြန်မာတပ် လူ/လက်နက်/ပစ္စည်းဆုံးရှုံးမှု
ထိခိုက်ကျဆုံးမှု နည်းပါးသော်လည်း စာရင်းဇယားတိကျစွာ မတွေ့ရပေ။
စစ်ဆင်ရေးတွင် ကျင့်သုံးခဲ့သောစစ်နည်းဗျူဟာများ
မြန်မာ့တပ်တော်ကျင့်သုံးသည့် စစ်နည်းဗျူဟာများ
အောက်ပါစစ်နည်းဗျူဟာများကို ကျင့်သုံးကြောင်းကို တွေ့ရှိရပါသည်–
(က) ခရီးရှည်ချီတက်တိုက်ခိုက်ခြင်း
(ခ) ခံကတုတ်နှင့်မြောင်းများတူး၍ ချဉ်းကပ်တိုက်ခိုက်ခြင်း
(ဂ) ရန်သူအားဝိုင်းပတ်ပိတ်ဆို့၍ တိုက်ခိုက်ခြင်း
(ဃ) ထက်ကြပ်လိုက်စစ်ဆင် တိုက်ခိုက်ခြင်း
အင်္ဂလိပ်တပ်ကျင့်သုံးသည့် စစ်နည်းဗျူဟာများ
အောက်ပါနည်းဗျူဟာများကို ကျင့်သုံးကြောင်းတွေ့ရှိရသည်–
(က) မြန်မာ့တပ်တော်စစ်ကြောင်းကို ၎င်းတို့၏စစ်ကြောင်းများဖြင့် ကြိုတင်နှောင့်ယှက် တိုက်ခိုက်ခြင်း
(ခ) အချိန်ဆွဲ၍ခံစစ်ဆင် တိုက်ခိုက်ခြင်း
သုံးသပ်ချက်
ပန်းဝါတိုက်ပွဲသည် မြန်မာတို့၏ စစ်ရည်စစ်သွေးနှင့် ရဲသွေးရဲမာန်ကို ပြသနိုင်ခဲ့သော တိုက်ပွဲတပွဲဖြစ်လေသည်။ ထိုစစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ၏ ဂုဏ်သတင်းမှာ နိုင်ငံအ၀န်းပျံ့နှံ့သွားသကဲ့သို့ ဗဟာဗန္ဓုလနှင့်အတူ တွဲဖက်တာဝန်ယူတိုက်ခိုက်ရသော လက်ဝဲစစ်ကဲအတွင်းဝန် မဟာသီဟသူရ၏ ဂုဏ်သတင်းမှာလည်း ကျော်ကြားပျံ့နှံ့ သွားခဲ့လေသည်။
သတိုးမင်းကြီးမဟာဗန္ဓုလ၏တပ်များသည် ပန်းဝါတွင်အောင်မြင်ခဲ့ပါလျက်နှင့် စစ်တကောင်းကို ဆက်လက်မတိုက်ခိုက်ပဲ တပ်နားနေခြင်းကို အင်္ဂလိပ်တို့ နားမလည်နိုင်အောင် ရှိခဲ့ကြသည်။ “မြန်မာတို့စစ်တကောင်းသို့ ချီတက်လာမည်ဆိုပါက ဘင်္ဂလားပြည်အပိုင်ဒေသတခုလုံး အထိတ်ထိတ် အလန့်လန့်ဖြစ်ပြီး ဗြိတိသျှအစိုးရ၏ အကြံအစည်ပင် ပြောင်းပြန်ဖြစ်သည်အထိ ပြောင်းလဲသွားနိုင်သည်။ မြန်မာတို့ ဆက်လက်ချီတက်ခဲ့ပါက မဟာဗန္ဓုလကွပ်ကဲသောတပ်များ၏ ချီတက်တိုက်ခိုက်ရာ၌ လျင်မြန်ထက်မြက်ခြင်းကြောင့်ပင်လျှင် စစ်ပွဲ၏အသွင်အပြင်မှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ဖွယ်ရာရှိ၏” ဟု အင်္ဂလိပ်စစ်မှတ်တမ်းများတွင် ဆိုထား၏။
မဟာဗန္ဓုလကမူ အင်္ဂလိပ်တို့ ရေကြောင်းမှချီတက်၍ ရန်ကုန်၊ဟံသာဝတီမြို့များကို အလစ်ဝင်ရောက်တိုက်ခိုက်နိုင်ချေကို တွေးမျှော်သိမြင်ထား၏။ ထို့ကြောင့် မိမိအင်အားကို တပ်ကျွံသည်အထိ လိုက်လံတိုက်ခိုက်ခြင်းမပြုပဲ ထိန်းသိမ်းထားခြင်းဖြစ်သည်။ ပန်းဝါစစ်ပွဲတွင် အောင်မြင်ပြီးသောအခါ ဗိုလ်မှူးမင်းကြီး သတိုးမဟာဗန္ဓုလက “ဤသို့ စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်ခဲ့သော်လည်း ကုလားတို့ငြိမ်သက်မည်ကား မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ၊ရန်ကုန်ကို ထိပါးနှောင့်ယှက်ရန်ရှိ၏။ ဟံသာဝတီမှ နှလုံးရည်၊ လက်ရုံးရည်နှင့်ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ရပ်နေမှ သင့်ပါမည့်အကြောင်း” ကို ဘုရင်မင်းမြတ်ထံ လှမ်း၍လျှောက်ထား၏။
ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် မဟာဗန္ဓုလသည် အင်္ဂလိပ်တို့၏ အကြံအစည်ကို ကြိုတင်တွေးမြင်သိရှိပြီး အရေးရှိပါကနောက်ပိုင်းသို့ သွားရောက်ကူညီနိုင်စေခြင်းငှာ တပ်ကျွံမခံဘဲရပ်နားနေဖြင်း ဖြစ်ကြောင်းသိသာနိုင်၏။ ဤသို့ မြန်မာတပ်များ ရခိုင်တွင်တပ်စွဲ ရပ်နားနေစဉ်အတွင်း မဟာဗန္ဓုလ တွေးမျှော်ခဲ့သည့်အတိုင်း အင်္ဂလိပ်တို့ဘက်မှ ဆာအာချီဘော်ကင်းဘဲလ်ကြီးမှူးသော ရေကြောင်းချီတပ်သည် ရန်ကုန်မြို့ကို ရေကြောင်းမှ ၀င်ရောက်တိုက်ခိုက်ရန် စုရုံးပြင်ဆင်နေခဲ့လေသည်။
ရခိုင်စစ်မျက်နှာ ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်တော်က အင်္ဂလိပ်တပ်အပေါ် အောင်ပွဲဆင်လိုက်ခြင်းသည် မြန်မာတိုင်းရင်းသားတို့၏ အမျိုးသားရေး ဇာတိမာန်ဇာတိသွေးကို ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။