နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များ နှင့်အတူ ဒီဇင်ဘာ ၆ရက် နံနက်ပိုင်းတွင် မနီလာမြို့မှ အပြည်ပြည်
ဆိုင်ရာ မြန်မာ့ လေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာလာရာ ဆီဘူးမြို့
MACTAN CEBU အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၉နာရီ ၄၅မိနစ်တွင်
ရောက်ရှိကြသည်။
နိုင်ငံတော် သမ္မတ နှင့်အဖွဲ့အား ပြည်နယ် အုပ်ချုပ်ရေးမှူး Hilario P.Davide(III) ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့က ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် ရဟတ်ယာဉ် များဖြင့် ဘန်တာရန် ကျွန်းသို့ ဆက်လက် ထွက်ခွာပြီး မုန်တိုင်းဒဏ်သင့် ဒေသများအား ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် Santa Fe လေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်၌ မုန်တိုင်း ဒဏ်ခံ ဒေသများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက မုန်တိုင်းဒဏ်ခံရမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြရာ နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ပြည်သူများနှင့် အစိုးရ အဖွဲ့က မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင် ပြည်သူများအပေါ် စာနာမှု ကို ပြသရန်အတွက် လည်းကောင်း၊ အာဆီယံ မိသားစုဝင် အချင်းချင်း စည်းလုံး ညီညွတ်မှုကို ပြသရန် အတွက် လည်းကောင်း၊
မိမိကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိ နှင့်အတူ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ငွေကြေး၊ ဆေးဝါးနှင့် ကယ်ဆယ်ရေး ပစ္စည်းများပါ တစ်ပါတည်း ယူဆောင် လှူဒါန်းခဲ့ပါကြောင်း၊ ထို့အပြင် မြန် မာနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ တစ်ဖွဲ့လည်း ဖိလစ်ပိုင် နိုင်ငံတွင် အခြေပြုပြီး သဘာဝ ဘေးဒဏ် ကျရောက်သည့် ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
၂ဝဝ၈ခုနှစ်က မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ကျရောက်ခဲ့စဉ်ကလည်း ဖိလစ်ပိုင် သမ္မတနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များ လာရောက်ကူညီ ခဲ့ပါကြောင်း၊ မိမိကိုယ်တိုင်က နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီး ဇာတိဖြစ်သည့်အပြင် မုန်တိုင်းကျ ရောက်ပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ကိုယ်တိုင်ဦးစီး ဆောင်ရွက်ခဲ့ရသည့် အတွက် သဘာဝဘေးဒဏ်ခံ စား နေရသည့် ဖိလစ်ပိုင် ပြည်သူများ နှင့်အတူ ထပ်တူခံစား မိပါကြောင်း၊
မိမိတို့အတွေ့အကြုံအရ သဘာဝ ဘေးကျရောက်ခဲ့သည့် ဒေသများရှိ ပြည်သူများ၏ နေ့စဉ်စားဝတ်နေ ရေးလိုအပ်ချက်များကို ဦးစားပေး ဖြေရှင်းပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်ယူ ဆောင် ရွက် ခဲ့ရ ပါကြောင်း၊ ဖိလစ်ပိုင် ပြည်သူများ အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများ အားလုံးကို ခိုင်မာသည့် စိတ်ဓာတ်ဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာပြည်သူများ အနေဖြင့်လည်း ဖိလစ်ပိုင် ပြည်သူများနှင့် အတူတကွ ရှိနေကြောင်းကို ထပ်လောင်းအသိပေး ပြောကြားလိုပါကြောင်းဖြင့် ပြော ကြားသည်။
ဖိလစ်ပိုင် နိုင်ငံ၌ တိုက်ခတ်ခဲ့သော ဟိုင်ယန်တိုင်ဖုန်း မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်က (MACTAN CEBU) အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ တာဝန်ရှိသူ များထံ ပေးအပ်ခဲ့သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ဖိလစ်ပိုင် နိုင်ငံ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ စောင်အထည် ၁ဝဝဝဝ၊ တီရှပ် အထည် ၁ဝဝဝဝ၊ မျက်နှာသုတ် ပဝါ အထည် ၅ဝဝဝ၊ ထွန်းရွှေဝါ ဆေးပရုတ်ဆီ ပုလင်း ၃ဝဝဝ တို့ ဖြစ်ကြောင်းသိရသည်။
ထို့အတူ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် ဖိလစ်ပိုင် နိုင်ငံရှိ မုန်တိုင်းဒဏ် ခံစားနေရသော ဒေသများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဆေးကုသမှု လုပ်ငန်း များ ဆောင်ရွက် ရန် ဖိလစ်ပိုင် နိုင်ငံ ဆီဘူးမြို့သို့ ရောက်ရှိ နေပြီဖြစ်သည်။
အဆိုပါအဖွဲ့တွင် ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း၊ သားဖွား၊ မီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်အောင်၊ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ နိုင်ဦး၊ လက်ထောက် ဆရာဝန် (အရိုး) ဒေါက်တာ ဌေးကျော်၊ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်) ဒေါက်တာ ထွန်းတင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဆေးတပ်ဖွဲ့မှ ဆေးကုသမှု ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး သက်နိုင်၊ ဗိုလ်မှူး စိုင်းအိုက်လှ၊ ခွဲစိတ် ကုသမှု ပါရဂူ ဗိုလ်ကြီး/ ဗိုလ်မှူး ကျော်အောင်စန်းနှင့် အထက်တန်း သူနာပြုတစ်ဦးတို့ ပါဝင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ (၁၁၂၂) ကီလိုဂရမ်ရှိ ဆေး၊ ဆေးဝါးနှင့် ဆက် စပ် ပစ္စည်း ၁၆၄မျိုး၊ ကာကွယ်ရေး ဝန်ကြီး ဌာနမှ အလေးချိန် တစ်တန်ခွဲရှိ ဆေး၊ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ
ပါရှိလာကြောင်း သိရသည်။
http://www.myawady.net.mm/allnews/headline/item/31959-2013-12-07-10-35-59

၎င်းတို့သည် ဖိလစ်ပိုင်နိုင်ငံ
ဆီဘူးမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသများ၌ ကျန်းမာရေးစောင့်
ရှောက်မှုလုပ်ငန်းများနှင့် ဆေးကုသမှု လုပ်ငန်းများကို ဆောင်ရွက် သွား မည်
ဖြစ်သည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည်
မွန်းလွဲပိုင်းတွင် ဘန်တာ ရန်ကျွန်းမှ ဆီဘူးမြို့သို့ ရဟတ်ယာဉ် များဖြင့်
ပြန်လည်ရောက်ရှိပြီး (MACTAN CEBU) အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အပြည်ပြည်
ဆိုင်ရာ မြန် မာ့ လေကြောင်း အထူးလေ ယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာရာ ညနေ ၃နာရီ
မိနစ် ၄ဝတွင် နေပြည်တော် သို့ ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား ဒုတိယ
သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းမှူးနှင့်
တာဝန် ရှိသူများ၊ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သံရုံး သံရုံးယာယီ တာဝန်ခံ တို့က
နေပြည်တော် လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။