Lockheed
Martin ကုမ္ပဏီသည် အမေရိကန် တပ်မတော်တွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ ၁၉၇
သန်း တန်ဖိုး ရှိသည့် ပဲ့ထိန်း စနစ်ပါ အတွဲလိုက် ဒုံးပစ် လောင်ချာစနစ်များ
ထုတ်လုပ်ရေး စီမံကိန်းကို လက်ခံ ရရှိ ခဲ့ပါသည်။အဆိုပါ စီမံကိန်းသည် ပဲ့ထိန်း စနစ်ပါ အတွဲလိုက် ဒုံးများ
ထုတ်လုပ်ရေး Lot 7 စာချုပ်နှင့်လည်း ချိတ်ဆက်ထားရာ စုစုပေါင်း အမေရိကန်
ဒေါ်လာ ၅၅ဝ.၈ သန်းခန့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ၄င်း Lot 7 အရ
အတွဲလိုက် ဒုံးများ ထုတ်လုပ်ရေး ဆိုင်ရာ စာချုပ်ကို Lockheed Martin ကုမ္ပဏီ
အနေဖြင့် ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် ချုပ်ဆိုရန် သဘော တူညီမှု ရရှိပြီး
ဖြစ်ပါသည်။ ထိုကဲ့သို့ သဘော တူညီမှု ရရှိခဲ့ခြင်း သည်ပင် ၂ဝ၁၃ ခုနှစ်တွင်
ပဲ့ထိန်းဒုံးများ ထုတ်လုပ်ရေး ဆိုင်ရာ သီးခြား စာချုပ် ချုပ်ဆိုခြင်းနှင့်
နှိုင်းယှဉ်ပါက အမေရိကန် တပ်မတော် အနေဖြင့် ဒုံးကျည် တစ်တောင့်၏ တန်ဖိုးအား
သက်သာစွာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
GMLRS များ ထုတ်လုပ်ရေးနှင့် ပတ်သက်၍ Lockheed Martin Missiles and Fire Control မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Scott Arnold က ကုမ္ပဏီ၏ မူလ ရည်မှန်းချက် ပန်းတိုင်မှာ ပိုမို ထိရောက်မှု ရှိသော၊ ယုံကြည် စိတ်ချမှုနှင့် လက်ခံနိုင်မှု ရှိသော လက်နက် စနစ်များ ထုတ်လုပ်ရေး ဖြစ်ပြီး GMLRS များကိုလည်း စံချိန်မီ ထုတ်လုပ် သွားမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ထုတ်လုပ်နိုင်ခြင်း ကိုလည်း ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပါသည်။
ထပ်မံ ထုတ်လုပ်မည့် GMLRS များကို အမေရိကန် တပ်မတော်နှင့် မရိန်း တပ်ဖွဲ့များသို့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် ခွဲဝေ ပေးပို့ သွားမည် ဖြစ်ပြီး ထုတ်လုပ်ရေး လုပ်ငန်း များကို Camden ၊ Ark ၊ Dallas နှင Lockheed Martin ရှိ Lockheed Martin ကုမ္ပဏီပိုင် စက်ရုံ များတွင် လုပ်ဆောင် သွားမည် ဖြစ်သည်။ အဆိုပါ GMLRS များကို ရာသီမရွေး အသုံးပြု နိုင်ပြီး တပ်ဖြန့်ရာတွင် လွယ်ကူ လျင်မြန်သော တာဝေးပစ်ဒုံး လက်နက် ပုံစံအဖြစ် ဒီဇိုင်း ရေးဆွဲ ထားခြင်း ဖြစ်ကာ သမားရိုးကျ လက်နက် များဖြင့် ပစ်ခတ်၍ မရနိုင်သော အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက် နိုင်ပါသည်။ ထို့ကြောင့် GMLRS များနှင့် ပတ်သက်၍ စစ်မြေပြင်တွင် ယုံကြည် အားထားရသော လက်နက် တစ်ခုအဖြစ် လက်ခံ ထားကြ ပါသည်။
Lockheed Martin ကုမ္ပဏီသည် GMLRS ဒုံး ၂ဝဝဝဝ နှင့် အထက်ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါ သည်။ ၄င်းဒုံးကျည် များကို စစ်ဆင်ရေး များတွင် အတွဲလိုက်ပစ် ဒုံးပြွန်၌ ထည့်သွင်း သယ်ဆောင်နိုင်ပြီး HIMARS (သို့မဟုတ်) M270 အုပ်စုဝင် အတွဲလိုက်ပစ် ဒုံးယာဉ် များဖြင့်လည်း ပစ်ခတ် နိုင်ပါသည်။
Lockheed Martin Missiles and Fire Control သည် ၄င်း၏ ထူးကဲသော စွမ်းဆောင်မှု များကြောင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် Commerce's Malcolm Baldrige Quality Award ဆုကို ရရှိ ခဲ့ပါသည်။ အဆိုပါ ဆုသည် အမေရိကန် ကုမ္ပဏီ များအား ပေးအပ်သော အမြင့်ဆုံးဆု ဖြစ်ပြီး ၄င်းကုမ္ပဏီ များ၏ ဦးဆောင်နိုင်မှု၊ မဟာ ဗျူဟာမြောက် စီမံကိန်းများ၊ ဝယ်ယူ သူများနှင့် ဆက်စပ်မှုပိုင်း ဆိုင်ရာ တိုင်းတာ တွက်ချက်မှု၊ လေ့လာ ဆန်းစစ်မှုနှင့် အကောင်းဆုံး ပူးပေါင်း လုပ်ဆောင် နိုင်မှုတို့ အပေါ် မူတည်၍ ပေးအပ် ခြင်း ဖြစ်ပါသည်။
မြ၀တီ