မန်ယူအသင်း၏ ဂန္တ၀င် ကွင်းလယ်ကစားသမား ပေါလ်စခိုးသည် ယခုနှစ် ရာသီအကုန်တွင်
ကစားသမားဘ၀က အပြီးသတ် အနားယူမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။
အသက်(၃၈)နှစ်အရွယ် ပေါလ်စခိုးသည် ပြီးခဲ့သော ရာသီကတည်းက အနားယူခဲ့သူ
ဖြစ်သော်လည်း၊ အသင်း၏ လိုအပ်ချက်အရ၊ ဆရာသမားဖြစ်သူ ဖာဂူဆန်၏
တောင်းဆိုချက်အရ ဘောလုံးလောက အတွင်းသို့ ပြန်လည် ၀င်ရောက် လာခဲ့သူဖြစ်သည်။
လက်ရှိဒဏ်ရာကြောင့် အနားယူနေရသူ ပေါလ်စခိုးသည် ရာသီဝက်နားကတည်းက
လက်ရှိအချိန်ထိ ပွဲကစားရခြင်း မရှိသေးပေ။ သို့သော်လည်း ဆရာသမားဖြစ်သူ၏
နှုတ်ဆက်ပွဲတွင် ပါဝင် ကစားခွင့် ရရန် မျှော်လင့်နေကြောင်း သိရသည်။
ပေါလ်စခိုးက - "ခုတော့ ပွဲကစားဖို့ အတွက် ကျွန်တော် အဆင်သင့်
ဖြစ်နေပါပြီ၊ ဘောလုံး ကစားခြင်းဟာ ကျွန်တော့်ဘ၀အတွက် အလိုလား
အတောင့်တဆုံးသော အရာတစ်ခုပါပဲ၊ ပြီးတော့ ကစားသမားဘ၀ တစ်လျှောက်လုံး
ကြီးကျယ်ခန်းနားတဲ့ နည်းပြရဲ့ အုပ်ချုပ်မှုအောက်မှာ ကစားခွင့် ရခဲ့တဲ့ အတွက်
ဂုဏ်ယူမိပါတယ်" ဟု ပြောကြားသွားခဲ့သည်။
ဆာအဲလက်စ်သည် ယခုနှစ်ရာသီအကုန်တွင် ဘောလုံးလောကမှ အနားယူ သွားမည်
ဖြစ်ပြီး၊ ပေါလ်စခိုး သည်လည်း ဆရာသမားကဲ့သို့ပင် ယခုနှစ်ရာသီအကုန်တွင်
ဘောလုံးလောကမှ အနားတော့မည် ဖြစ်သည်။
Written by အောင်ဇော်လတ်(မိုးနဲ)